မြန်မာရေဘေး EU ကျပ်ငွေ သန်း ၂၆ဝ ကျော် ကူညီ
2018.08.24

မြန်မာနိုင်ငံမှာ မုတ်သုံမိုးသည်းထန်ပြီး ရေဘေးဒဏ်အဆိုးဝါးဆုံးခံရတဲ့ ဒေသတွေအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် မြန်မာငွေ ကျပ် ၂၀၆ သန်းခွဲနဲ့ညီမျှတဲ့ ယူရိုငွေ တစ်သိန်းသုံးသောင်းကူညီမယ်လို့ အီးယူ- ဥရောပသမဂ္ဂက ဒီလ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ရေဘေးဒဏ်အဆိုးဝါးဆုံးကြုံရတဲ့ ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က ရေဘေးဒုက္ခသည် တစ်သောင်းခွဲဟာ ဒီအကူအညီတွေကို တိုက်ရိုက်ခံစားရမယ်လို့ EU ကြေညာချက်မှာ ဖော်ပြပါတယ်။
EU ရန်ပုံငွေဟာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ပံ့ပိုးပေးပါမယ်။ ဒီရန်ပုံငွေဟာ DREF ဘေးအန္တရာယ်ကယ်ဆယ်ရေး အရေးပေါ် ရန်ပုံငွေအဖွဲ့နဲ့ IFRC နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီ အသင်းတွေကို EU က ထည့်ဝင်ပံ့ပိုးလှူဒါန်းနေတာရဲ့ တစိတ်တဒေသဖြစ်ပါတယ်။
ဇူလိုင်လကစလို့ မိုးအဆက်မပြတ်ရွာသွန်းရာက ရေမျက်နှာပြင်တွေမြင့်တက်ပြီး နေရာအတော်များများမှာ ရေကြီးတဲ့ အတွက် လူ တစ်သိန်း သုံးသောင်း သုံးထောင်ကျော် ရေဘေးလွတ်ရာ ရွှေ့ပြောင်းရပါတယ်။ ဒီရေဘေးကြောင့် လူ ၁၆ ယောက် သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနက ကြေညာပါတယ်။ တိုင်းနဲ့ ပြည်နယ် ၇ ခုမှာ ရေလွှမ်းမိုးပြီး ပဲခူးတိုင်း၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က လူဦးရေ ၉၈ % ရေဘေးလွတ်ရာ ရွှေ့ပြောင်းခိုလှုံရပါတယ်။