ရေဘေးကြောင့် သေဆုံးသူ ၁၂၁ ဦးအထိ တိုးလာ
2015.08.24

ပြီးခဲ့တဲ့လပိုင်းအတွင်း မြန်မာနိုင်ငံဒေသအတော်များများမှာ မိုးကြီးခဲ့တဲ့အတွက် ရေဘေးကြောင့် သေဆုံးသူ ၁၂၁ ဦး အထိရှိပြီဖြစ်ကာ အများဆုံးက ရခိုင်ပြည်နယ်က ဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက ပြောပါတယ်။ ရေဘေးကြောင့် သေဆုံးနဲ့ ရေဘေးသင့်သူ ပြည်သူအရေအတွက်ကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်ထောက် ညွန်ကြားရေးမှူး ဒေါ်ဝင်းဥမ္မာ က အခုလိုပြောပါတယ်။
"ရေဘေးသင့် လူဦးရေ စုစုပေါင်း ဇွန်၊ ဇူလိုင်၊ သြဂုတ် ၃ လပေါင်း ၁၆၂၉ ၄ဝ၅ ပါ၊ သေဆုံးတာ ၃ လပေါင်း ဆိုရင် ၁၂၁ ဦးပါ၊ ကျမတို့က ဖြန့်ဖြူးဖို့လည်း အကုန်လုံးခွဲပြီးသားပါ ဥပမာ ချင်းပြည်နယ်မှာ ကလေးအထိပို့ လို့ရတယ်၊ မတူပီဆိုလည်း မင်းတပ်အထိ ပို့လို့ရတယ်၊ ကျမတို့ ပို့ဆောင်ရေးဌာနနဲ့ ညှိနှိုင်းပြီးပို့ပေးတယ်၊ ဒါပေမဲ့ ဟိုဘက်ကနေ ဆက်ဖြန့်တာတို့ ဆက်ပို့တာတို့ကျတေ့ာ သူတို့သက်ဆိုင်ရာဒေသအစိုးရအဖွဲ့က သူတို့အစီအစဉ်နဲ့ ဆက်ပို့ကြတာပေါ့နော်"
မိုးကြီးခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ ရေကြီးရေလျှံခဲ့ကာ လယ်ဧက ၇သိန်းကျော် ပျက်စီးခဲ့ရပါတယ်။ ချင်းပြည်နယ်မှာလည်း လက်ရှိအချိန်ထိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေတဲ့အတွက်ကြောင့် မင်းတပ်၊ မတူပီ စတဲ့ဒေသတွေက ပြည်သူတွေဆီ စားနပ်ရိက္ခာတွေကို သက်ဆိုင်ရာ အစိုးရအဖွဲ့နဲ့ ပူးပေါင်းပြီး ပို့ပေးနေတယ်လို့ ပြောပါတယ်။ လက်ရှိ အချိန်အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့နယ်တချို့မှာ ရေကြီးရေလျှံနေဆဲဖြစ်ပါတယ်။