မောင်ဇာနည် ကို တောင်ကိုရီးယားရောက် မြန်မာတွေ ကန့်ကွက်
2018.10.13
တောင်ကိုရီးယားနိုင်ငံကို ရိုဟင်ဂျာ မွတ်စလင်အရေး လှုပ်ရှားနေသူတစ်ဦးဖြစ်တဲ့ မောင်ဇာနည် ခေါ် ဒေါက်တာ ဇာနည် လာရောက်ဟောပြောမှာကို ဆန့်ကျင်တဲ့ မြန်မာတွေက အင်တာနက်ကနေ လက်မှတ်ထိုးကန့်ကွက်တဲ့ လှုပ်ရှားမှုတစ်ခုကို စနေနေ့ မနေ့က စတင်ခဲ့ပါတယ်။
အဲဒီ လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ ကြေညာချက်မှာ မြန်မာအစိုးရက ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်ပါတယ်လို့ စွပ်စွဲတဲ့ မောင်ဇာနည် ဆိုသူဟာ အောက်တိုဘာ ၂၂ ရက်နေ့မှာ ကိုရီးယားအဖွဲ့အစည်းတွေကို လာရောက် ဟောပြောဖို့ အစီအစဉ်ရှိတဲ့အတွက် ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံသားတွေရဲ့ သဘောထားတွေကို ကိုရီးယား အဖွဲ့အစည်းတွေထံ ပေးပို့မှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။
ကိုရီးယား၊ မြန်မာ၊ အင်္ဂလိပ်သုံးဘာသာနဲ့ ရေးသားထားတဲ့ အဲဒီကြေညာချက်မှာ မောင်ဇာနည်ရဲ့ လှုပ်ရှားမှုတွေဟာ မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အကျိုးမရှိဘဲ လူသားတွေ တစ်ဦးနဲ့ တစ်ဦး ပိုမိုမုန်းတီးအောင် လှုံ့ဆော်နေသူတစ်ဦးမျှဖြစ်ကြောင်းလည်း ဖော်ပြ ပါရှိပါတယ်။ မနေ့က ညနေပိုင်းအထိ အဲဒီ အင်တာနက် လှုပ်ရှားမှုမှာ ပါဝင်ထောက်ခံ လက်မှတ်ထိုးသူ ၁ဝဝဝ ခန့် ရှိပါတယ်။
ဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး မောင်ဇာနည်ကို RFA က ဆက်သွယ်လို့ မရသေးပါဘူး။