တရုတ်ဇနီးမယားအဖြစ် လူကုန်ကူးခံရသူ အများအပြားရှိနေ
2019.12.01
ဒီနှစ်အတွင်း တရုတ်နိုင်ငံကို လူကုန်ကူးခံရမှုတွေထဲမှာ ဇနီးမယားအဖြစ် ရောင်းစားဖို့ လူကုန်ကူးခံရသူတွေများပြီး အဲအထဲကအမျိုးသမီး ၆၀ ကျော်ကို ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် လူကုန်ကူးမှု တာဆီးကာကွယ်ရေး ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ပါတယ်။
တရုတ်ဇနီးမယားအဖြစ် ရောင်းစားမခံရခင် ကယ်တင်နိုင်ခဲ့တာတွေရှိသလို နယ်စပ်ကိုကျော်သွားပြီး တရုတ်ပြည်ထဲရောက်သွားလို့ တရုတ်မယားအဖြစ် ရောင်းစားခံရသူတွေလည်း အများအပြား ရှိတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
ဒီနှစ်စကနေ နိုဝင်ဘာလကုန်အထိ တရုတ်-မြန်မာနယ်စပ် မူဆယ်ဘက်မှာ လူကုန်ကူးမှု ၃၉ မှု ဖြစ်ပွားခဲ့ပြီး အဲဒီထဲက အမျိုးသမီး ၆၁ ဦးနဲ့ ကလေးနှစ်ဦးကို ကယ်တင်လိုက်နိုင်ခဲ့ပြီး အားလုံးနီးပါးဟာ ဇနီးမယားအဖြစ် ရောင်းစားဖို့ လူပွဲစားတွေက သွေးဆောင်ဖြားယောင်း ခေါ်ဆောင်ခံရတာလို့ အမှတ် အမှတ် ၁၇ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ရုံး ရဲမှူး ကျော်ညွှန့်က ပြောပါတယ်။
လူကုန်ကူးခံရသူတွေဟာ နယ်စပ်မှာ ဝင်ငွေကောင်းတဲ့ အလုပ်တွေရှိတယ်ဆိုပြီး ယုံကြည်အောင် ပွဲစားတွေက ပြောဆိုခေါ်လာပြီး ဒီရောက်မှ တရုတ်မယားအဖြစ် အတင်းအဓမ္မ ရောင်းစားခံရတာများတယ်လို့ ရဲမှူး ကျော်ညွှန့်က ပြောပါတယ်။
“အဓိက နယ်စပ်ဒေသမှာ မူဆယ်မှာဝင်ငွေကောင်းတဲ့ အလုပ်တွေရမယ်၊ ဒီပုံစံနဲ့ ယုံကြည်အောင် စည်းရုံးခေါ်လာတယ်၊ ဒီကျမှ တရုတ်ယောင်္ကျားယူရမယ်၊ တရုတ်ယောင်္ကျားယူရင် အလုပ်လုပ်တာထက် ပိုက်ဆံပိုရမယ် စသဖြင့်ဖြစ်လာတာတွေ့ရတယ်၊ နောက်ပိုင်းမှာတော့ အဲလိုမျိုး စည်းရုံးခေါ်ဆောင်လာပြီး တရုတ်ယောင်္ကျားကို အဓမ္မလက်ထပ်ဖို့ ရောင်းစားခံရတဲ့ဖြစ်နေတာကို အများဆုံးတွေ့ရတယ်”
ဒီလူကုန်ကူးမှုမှာ ပါဝင်တဲ့ ပွဲစား ၁၃၆ ယောက်ကိုလည်း လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။
လူကုန်ကူးခံရသူတွေထဲမှာ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေက အများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ်က ဒုတိယအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း ရွှေလီမြို့က ဟိုတယ်တစ်ခုမှာ အမျိုးသမီးတွေကို တရုတ်မယားအဖြစ် ရောင်းစားဖို့ စုထားတယ်ဆိုတဲ့ သတင်းပေး တိုင်ကြားချက်ရတာကြောင့် တရုတ်နိုင်ငံဘက်က လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရုံးနဲ့ ပူးပေါင်းကာ ကယ်တယ်ခဲ့ရတယ်လို့ သိရပါတယ်။
အဲဒီမှာ အမျိုးသမီး ကိုးဦးနဲ့ အမျိုးသားတစ်ဦးကို တွေ့ရပြီး အမျိုးသမီး ခုနှစ်ဦးဟာ တရုတ်မယားအဖြစ် ရောင်းစားဖို့ လူကုန်ကူးခံရတာပါ။
သူတို့ကို လူကုန်ကူးခဲ့တယ်လို့ ယူဆရတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦးကို မူဆယ်မြို့မစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်။
ဒီလူကုန်ကူးခံရသူတွေကို အကူညီပေးနေတဲ့ တရုတ် မြန်မာနယ်စပ်က လူမှုကူညီရေးအသင်းတွေလည်းရှိပြီး သူတို့ကို အကူညီတောင်းသူတွေကို မူဆယ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့၊ တရုတ်နိုင်ငံက တာဝန်ရှိသူတွေ ပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့တာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ မကယ်တင်နိုင်ခဲ့ဘဲ ရောင်းစားခံထားရသူ အများအပြားရှိနေပါသေးတယ်။
တရုတ်နိုင်ငံမှာ လူပွဲစားတွေကနေ တရုတ်မယားအဖြစ် ရောင်းစားခံရသူတွေက ကယ်တင်နိုင်ခဲ့တဲ့ အရေအတွက်ထက်များတယ်လို့ ရွှေလီအခြေစိုက် မိုးမခဖောင်ဒေးရှင်းနာယက ဒေါ်မိုးမခက ပြောပါတယ်။
“ကယ်နိုင်တဲ့ လူဦးရေက နည်းတာပေါ့၊ မကယ်နိုင်ဘဲ ဟိုဘက်မှာ ရောင်းစားခံရတဲ့သူ အရေအတွက်ကများမယ်လို့ ကျမတို့က မြင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုရင် အကူညီတောင်းလာတယ်ဆိုရင် ကျမတို့ လက်လှမ်းမီသလောက်တော့ အကူညီပေးနိုင်တယ်၊ အတွင်းဘက်ကို ရောက်သွားပြီဆိုရင်တော့ အနည်းနဲ့အများ ကူညီနိုင်ခဲ့တဲ့ဟာတွေလည်းရှိတယ်၊ အချိန်ကတော့ အကန့်အသတ်ထားလို့ မရဘူးပေါ့”
မိုးမခဖောင်ဒေးရှင်းဟာ တရုတ်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို လိုအပ်တဲ့အကူအညီတွေ ပေးနေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ဇနီးမယားအဖြစ် ရောင်းစားခံရသူ အများစုဟာ တောရွာတွေကို ရောင်းစားခံရသူ များတာကြောင့် အကူညီတောင်းသူတွေရှိပေမယ့် ကူညီဖို့ခက်ခဲတယ်လို့ ဒေါ်မိုးမခ က ပြောပါတယ်။
တရုတ်နိုင်ငံအတွင်း ဇနီးမယားအဖြစ် ရောင်းစားခံရတဲ့ အမျိုးသမီး တစ်ထောင်နီးပါးလောက် ရှိနိုင်တယ်လို့ သူက ခန့်မှန်းပါတယ်။
တရုတ်နယ်စပ်မှာ ရောင်းစားခံရသူတွေကို ကူညီနိုင်ပေမယ့် တရုတ်ပြည်အထဲရောက်သွားရင် ကူညီဖို့ခက်ခဲတယ်လို့ မူဆယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ ရဲမှူး ကျော်ညွှန့်က ပြောပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံအစိုးရချင်း သဘောတူစာချုပ်တွေနဲ့ တရားဝင်သွားရောက် အလုပ်လုပ်ခွင့်ရရှိထားတဲ့ နိုင်ငံမဟုတ်ပေမယ့် မြန်မာနိုင်ငံသား အများအပြား သွားရောက်လုပ်ကိုင်နေကြတာပါ။
တရားဝင်သွားရောက်တာ မဟုတ်တဲ့အတွက် တရုတ်နိုင်ငံဘက်မှာ လူကုန်ကူးခံရတာ၊ လုပ်ခလစာ မရတာတွေ ရင်ဆိုင်ကြုံတွေ့ရပါတယ်။
အစိုးရအနေနဲ့ တရုတ်နိုင်ငံကို အလုပ်သမားတွေ တရားဝင်သွားခွင့်ရအောင် လုပ်ဆောင်ပေးသင့်တယ်လို့ မူဆယ်မြို့ ကရုဏာ လူမှုကူညီရေးအသင်းက ဦးသောင်းထွန်း ပြောပါတယ်။
“တကယ်တမ်းဆိုရင်လေ တရုတ်နိုင်ငံဘက်မှာလည်း အလုပ်သမားလိုအပ်ချက် မြင့်မားနေတာပဲ၊ ကျနော် မြန်မာနိုင်ငံက အလုပ်လုပ်မယ့်သူတွေ တရားဝင်ခွင့်ပြုချက်တွေ၊ နှစ်နိုင်ငံ MOU လက်မှတ်ထိုးတာတွေ ဆောင်ရွက်နိုင်လို့ရှိရင်တော့ ခုနက လူကုန်ကူးခံရတာတွေ၊ မတရားဖိနှိပ်ခံရတာတွေ၊ လုပ်ခလစာမရတာတွေ၊ အဖမ်းဆီးခံရတာတွေ၊ အများကြီး သက်သာသွားမယ်၊ ကိုယ်နိုင်ငံလည်း အလုပ်လုပ်သွားတဲ့သူတွေ အဆင်ပြေသွားမယ်၊ အဲလိုပဲ ကျနော်တို့က ယူဆပါတယ်”
၂၀၁၈ ခုနှစ်အတွင်းမှာတော့ လူကုန်ကူးမှု ၄၀ အနည်းဆုံးရှိခဲ့ပြီး အမျိုးသမီး ၅၈ ယောက်ကို ရဲတပ်ဖွဲ့က ကယ်တင်ခဲ့ရပါတယ်။ ဒီနှစ် ၁၁ လအတွင်း လူကုန်ကူးခံရသူ အမျိုးသမီး ၆၀ ကျော် ရှိလာတာကြောင့် တရုတ်ဇနီးမယားအဖြစ် လူကုန်ကူးခံရသူ ပိုတိုးလာတယ်လို့ ဆိုရမှာပါ။ ဒီလိုလူကုန်ကူးမှုတွေမှာ လူပွဲစားတွေကနေတဆင့် ခံရတာရှိသလို မိဘဆွေမျိုး၊ အိမ်နီးနားချင်း အသိမိတ်ဆွေတွေကလည်း ရောင်းစားတာတွေရှိတယ်လို့ အကူအညီပေးနေသူတွေက ပြောကြပါတယ်။