ရွှေတစ်ကျပ်သား ၃၈ သိန်းကျော်နဲ့ စံချိန်တင် မြင့်တက်နေ

RFA Burmese
2024.01.31
ရွှေတစ်ကျပ်သား ၃၈ သိန်းကျော်နဲ့ စံချိန်တင် မြင့်တက်နေ ရန်ကုန်မြို့၊ မဟာဗန္ဓုလလမ်းမကြီးပေါ်ရှိ ရတနာရွှေဆိုင်တစ်ဆိုင်ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အာဏာသိမ်းမှု သုံးနှစ်မပြည့်ခင် တစ်ရက်အလို ဇန်နဝါရီလ ၃၁ ရက်နေ့မှာပဲ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၃,၈၆၀,၀၀၀ ကျပ်အထိ မြင့်တက်နေပါတယ်။

ဇန်နဝါရီလ ၁ ရက်နေ့မှာ အကယ်ဒမီရွှေ တစ်ကျပ်သား ၃,၆၇၀,၀၀၀ ကျပ် ရှိခဲ့ရာကနေ ဇန်နဝါရီလ ၃၁ ရက်နေ့မှာတော့ ၃,၈၆၀,၀၀၀ ကျပ်အထိ ၁၉၀,၀၀၀ ကျပ် မြင့်တက်သွားခဲ့တာလို့ ရွှေလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းတွေဟာ နိုင်ငံရေးအခြေအနေတွေကြောင့် မြင့်တက်လာခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေလုပ်ငန်း လေ့လာသူတစ်ဦးက ပြောပါတယ်။

"ပြည်တွင်းရေး ရှုပ်ထွေးနေတာတွေကြောင့် ရွှေဈေးက တက်သွားတယ်။ ဘယ်လောက်ထိတက်လဲဆိုရင် ၃,၈၉၀,၀၀၀ ကျပ်လောက် ဖြစ်သွားတာပေါ့နော်။ သူသူကိုယ်ကိုယ် စိုးရိမ်ထိတ်လန့်မှုလေးတွေကြောင့် ဖြစ်တယ်လို့ ထင်ပါတယ်။ ကိုယ်နဲ့ တစ်ပါတည်းပါမယ့်ဟာကို ဝယ်ယူလာကြတယ်"

ရွှေဈေးနှုန်းတွေဟာ ဇန်နဝါရီလ ၂၃ ရက်နေ့ကစလို့ ၃၈ သိန်း ကျော်လာခဲ့တာလို့ ဆိုပါတယ်။

ပြည်တွင်းမှာ ရွှေဈေးနှုန်းတွေ မြင့်တက်နေပေမယ့် ဇန်နဝါရီလ ၁ ရက်နေ့မှာ တစ်အောင်စ ၂၀၆၆ ဒေါ်လာ ရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းဟာ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ၂၀၄၀ ဒေါ်လာသာ ရှိခဲ့ပြီး ၂၆ ဒေါ်လာလောက် ဈေးနှုန်းကျဆင်းခဲ့တာပါ။

လကုန်ပိုင်းတွေမှာ တန်ဖိုးကျဆင်းလေ့ရှိတဲ့ အမေရိကန်ဒေါ်လာဈေးနှုန်းဟာလည်း ဇန်နဝါရီလ ၃၁ ရက်နေ့မှာ တစ်ဒေါ်လာ ၃၅၁၀ ကျပ် ရှိနေပြီး ဇန်နဝါရီလ ၁ ရက်နေ့ထက် တစ်ရာကျပ် ပိုမြင့်တက်နေခဲ့တာဖြစ်ပါတယ်။

စစ်အာဏာမသိမ်းခင်ကတော့ ရွှေတစ်ကျပ်သား ၁၃ သိန်းဝန်းကျင်နဲ့ တစ်ဒေါ်လာကို ၁၃၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။