မြန်မာဂေါက်သီးရိုက်အသင်း ငွေကြေးအလွဲသုံးစားမှု တိုင်ကြား
2018.09.08
ရန်ကုန်မြို့ ပြည်လမ်းပေါ်ရှိ မြန်မာ ဂေါက်သီးရိုက်အသင်းမှာ ငွေကြေးအလွဲသုံးစားမှု ပေါ်ပေါက်နေတဲ့အတွက် အရေးယူပေးဖို့ အသင်းသား ၅၃ ယောက်က နိုင်ငံတော် သမ္မတ၊ ပြည်ထဲရေးဝန်ကြီးနဲ့ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန တို့ကို တိုင်ကြားထားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
အသင်းအမှုဆောင်အဖွဲ့ အကြီးအကဲတွေက အလွဲသုံးစား ဆုံးဖြတ်လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းငွေပမာဏဟာ ကျပ်သိန်းပေါင်း ၁၈ဝဝ ကျော်တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။ မြန်မာ ဂေါက်သီးရိုက်အသင်း စစ်ဆေးရေး ဆပ်ကော်မတီမှာပါဝင်တဲ့ ဦးသိန်းထွန်းက အသင်း ဥက္ကဋ္ဌ ဦးမျိုးသိန်း အပါအဝင် အမှုဆောင်တချို့ဟာ ငွေကြေးသုံးစွဲရာမှာ စည်းမျဉ်း စည်းကမ်းနဲ့ မညီတဲ့ လုပ်ရပ်တွေကို ဆောင်ရွက်ခဲ့တယ်လို့ RFA ကိုပြောပါတယ်။
"ဦးမျိုးသိန်း အပါအဝင် ဦးချစ်မောင်၊ ဘဏ္ဍာရေးမှူး ဦးစစ်မြိုင်တို့က အသင်းရဲ့ ဖွဲ့စည်းပုံ လုပ်ထုံးလုပ်နည်းနဲ့ မညီပဲနဲ့ အစည်းအဝေးကို ငါးယောက်တက်မှ အထမြောက်မယ်ဆိုတာကို အဲဒါကို လေးယောက်တည်းနဲ့ ကြိတ်ပြီးတော့ လုပ်ထားတဲ့ဟာမျိုးတွေရှိတယ်။ အရေးကြီးတဲ့ အဲလို အစည်းအဝေးပွဲတွေမှာ ငွေကြေး အလွဲသုံးစားမှု ဖြစ်နိုင်တဲ့ ဆုံးဖြတ်ချက်တွေကို ဆုံးဖြတ်ထားတာ တွေ့ရတယ်။ ပစ္စည်းဝယ်ယူရေးမှာလည်း ဒီလိုပဲ အဖွဲ့နဲ့ မဝယ်ဘဲနဲ့ ဈေးနှုန်းတွေဘာတွေကို အသင်းအဖွဲ့စည်းမျဉ်းမှာ ဘယ်လိုတွေဝယ်ရမယ်ဆိုတာကို အတိအကျ ရှိတယ်။ နောက်ပြီးတော့ ဆောက်လို့ရှိရင်လည်း သက်ဆိုင်ရာ တရားဝင် လိုင်စင်ရ အင်ဂျင်နီယာတွေ လက်မှတ် ထိုးတဲ့ BQ ပုံစံငယ်၊ အဲဒါကို အဖွဲ့မှာ အတည်ပြုပြီးမှ ဆောက်ရတယ်။ အဲလိုစည်းမျဉ်း စည်းကမ်းတွေနဲ့ မညီဘဲနဲ့ သိန်းထောင်ပေါင်းများစွာ ငွေကြေးတွေ သုံးစွဲထားတာကို အသင်းသား ၅၃ ယောက်က ကျနော်တ့ို သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို အသိပေးတိုင်ကြားထားတာပေါ့"
ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာဂေါက်သီးရိုက်အသင်းရဲ့ ဘဏ္ဍာရေးမှူး ဦးစစ်မြိုင်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ငွေကြေးအလွဲသုံးစားမှု မရှိကြောင်းနဲ့ ငွေစာရင်းကို အချိန်မရွေးစစ်ဆေးနိုင်ကြောင်း ပြောပါတယ်။
"ဒီဥစ္စာက မဟုတ်ပါဘူးဗျာ၊ သူတို့ မှားယွင်းတိုင်တာ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ စာရင်းနဲ့အင်းနဲ့ပဲ အကုန်လုံး၊ ငွေကြေးအလွဲသုံးစားမှုတော့ မရှိပါဘူး။ သူတို့ အထင်အမြင်လွဲနေတာပါ။ တစ်ယောက်နဲ့တစ်ယောက်က အယူအဆ မတူကြဘူးဗျာ၊ ပုဂ္ဂိုလ်ရေးလည်း တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်တာဖြစ်ချင်လည်းဖြစ်မှာပေါ့။ ကျနော်တို့မှာ အလွဲသုံးစားမှု တစ်ခုမှ မရှိခဲ့ပါဘူး။ ကြည့်လို့ရတယ်၊ အချိန်မရွေး ကြည့်လို့ရတယ်။ ကျနော်တို့ ဘာမှ မရှိပါဘူး"
တိုင်ကြားစာတွေကို သြဂုတ်လ ၃ဝ ရက်နေ့က ပေးပို့ခဲ့တာဖြစ်ပြီး အခုအချိန်ထိတော့ အရေးယူစုံစမ်းခြင်းနဲ့ အကြောင်းပြန်ခြင်း မရှိသေးဘူးလို့ ဦးသိန်းထွန်းက ပြောပါတယ်။ မြန်မာ ဂေါက်သီးရိုက်အသင်းဟာ ၁၉၄၇ ခုနှစ်က ထူထောင်ခဲ့တဲ့အသင်းဖြစ်ပြီး အခုအချိန်အထိ ငွေကြေးပြဿနာ တစ်စုံတစ်ရာမျှ မရှိခဲ့ဘူးလို့ ဆိုပါတယ်။