မြန်မာနိုင်ငံကို ICC အနေနဲ့ တရားစီရင်ခွင့် မရှိဟု အစိုးရထုတ်ပြန်
2018.08.09

မြန်မာအစိုးရက နယ်သာလန်နိုင်ငံ အခြေစိုက် ICC (International Criminal Court) နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး အနေနဲ့ အဖွဲ့ဝင်နိုင်ငံတစ်ခု မဟုတ်တဲ့ မိမိတို့ နိုင်ငံကို ဥပဒေကြောင်းအရ ဝင်ရောက်ပြီး တရားစီရင်ပိုင်ခွင့် တစုံတရာ မရှိကြောင်းနဲ့ ICC က မေးမြန်းစုံစမ်းတာတွေကို တုံ့ပြန်ဖြေကြားဖို့လည်း မိမိတို့နိုင်ငံမှာ တာဝန်မရှိကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မနှစ်က ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အစိုးရလုံခြုံရေး တပ်ဖွဲ့တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး လူမျိုးတုန်းရှင်းလင်းမှုအဖြစ် နိုင်ငံတကာက ပြစ်တင်ပြောဆို ခဲ့ကြသလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာပြည်ပြဿနာကို ICC ကိုလွဲပြောင်းပေးဖို့ တောင်းဆိုသံတွေ ပေါ်ထွက်ခဲ့ပါတယ်။
ICC ကလည်း ရခိုင်ပြည်နယ်က မွတ်စလင် ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ အဲဒီ ပဋိပက္ခနဲ့ ပတ်သက်ပြီး စွပ်စွဲချက်တွေကို ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နောက်ဆုံးထားပြီး ရှင်းလင်းပြောကြားဖို့ မြန်မာအစိုးရကို အကြောင်းကြားစာပို့ခဲ့ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ သြဂုတ်လ ၉ ရက် မနေ့ကနေ့စွဲနဲ့ ထုတ်ပြန်ကြေညာချက်မှာ ICC စွဲချက်တင်ရှေ့နေရဲ့ မေတ္ထာရပ်ခံချက်ဟာ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ မြန်မာပြည်ကို သွယ်ဝိုက်တဲ့နည်းနဲ့ ဝင်ရောက် အာဏာပေးရာကျနေပြီး ဗီယင်နာ ပဋိဉာဉ်စာတမ်း အပိုဒ် ၃၄ အရဆိုရင် ICC ရဲ့ အကြောင်းကြားစာကို လက်ခံဖို့တောင် မြန်မာနိုင်ငံမှာ တာဝန်မရှိပါဘူးလို့ ဖော်ပြထားပါတယ်။
တဆက်တည်းမှာပဲ အခုလို လက်တွေ့မကျတဲ့ လုပ်နည်းလုပ်ဟန်ကို ICC က လက်ခံခွင်ြ့ပုလိုက်မယ်ဆိုရင် ဘက်လိုက်တဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ တိုက်တွန်းမှုကြောင့် အဖွဲဝင်မဟုတ်တဲ့ နိုင်ငံတခုအပေါ် တရားစွဲဆိုနိုင်တယ်ဆိုပြီး အန္တရာယ်ကြီးမားလှတဲ့ အကိုးအကား ကျင့်ထုံးတစ်ခု ဖြစ်သွားနိုင် ပါတယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာအစိုးရရဲ့ အချုပ်အချာအာဏာပိုင်ဆိုင်မှုကို အသိအမှတ်ပြုပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးဖို့ လိုအပ်ပုံတွေကို ထုတ်ဖော်ပြောဆိုခဲ့ တာကိုလည်း ICC ရှေ့နေအနေနဲ့ ဥပက္ခာပြုခဲ့ပုံပေါက်ကြောင်းနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို မြန်မာ အစိုးရတပ်ဖွဲ့တွေက ကျူးလွန်ခဲ့တာလား ဒါမှမဟုတ် အာဆာလို အကြမ်းဖက်အဖွဲ့တွေက ဆောင်ရွက်ခဲ့တာလား ဆိုတာ ဆက်လက်စုံစမ်းစစ်ဆေးဖို့ အတွက် မြန်မာနိုင်ငံရဲ့ အချုပ်အချာ အာဏာပိုင်ဆိုင်မှုကိုလည်း ICC အနေနဲ့ လေးစားဖို့လိုကြောင်း ဖော်ပြထားပါတယ်။
ဆက်လက်ပြီး ICC စွဲချက်တင်သူအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာတွေနဲ့ ပတ်သက်ပြီး တဖက်သပ်ရရှိတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီးဆောင်ရွက်ခဲ့ကြောင်း၊ တရားစွဲဆိုရန် အချက်အလက် လုံလောက်ခြင်း ရှိမရှိဆိုတာကို ပဏာမ စစ်ဆေးစောကြောမှုပင် မရှိဘဲ အခုလို ကြိုတင်ဆုံးဖြတ်လုပ်ကိုင်ခဲ့တဲ့ အချက်ကလည်း နွားရှေ့ထွန်ကျူးရာကျနေကြောင်းများအပြင် ရခိုင်ပြည်နယ် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရ၊ UNHCR နဲ့ UNDP တို့နဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့မှုတွေ နောက်ဆုံးဖွဲ့စည်းတဲ့ စုံစမ်းရေးကော်မရှင် မှာလည်း နိုင်ငံတကာ ပုဂ္ဂိုလ်တွေထည့်သွင်းထားပုံတွေ စသဖြင့် နိုင်ငံတော် အတိုင်ပင်ခံရုံးရဲ့ မနေ့က ကြေညာချက် မှာ ပါရှိပါတယ်။