ဦးပိုင် လိုင်းကားများ စည်းကမ်းမဲ့ မောင်းနှင်နေကြောင်း စွပ်စွဲချက်များရှိ

မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က တည်ထောင်ထားတဲ့ ပါရမီ မော်တော် ယာဉ်လိုင်းက ကားတချို့ဟာ ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ မောင်းနှင် တာကြောင့် ယာဉ်တိုက်မှုတွေ မကြာခဏ ဖြစ်နေတယ် လို့ စုံစမ်း သိရှိရပါတယ်။

2011.04.24
downtown_traffic_305_Z မြန်မာနိုင်ငံ၏ အကြီးဆုံး စီးပွားရေးမြို့ဖြစ်သော ရန်ကုန်မြို့လယ်တွင် ခရီးသည်တင် ဘတ်စ်ကားများ သွားလာနေပုံ ဖြစ်ပါသည်။ (Photo: AFP)
AFP

ဧပြီလ ၂၃ ရက်နေ့ မနက် (၇) နာရီလောက်က ရန်ကုန်မြို့လယ် လှည်းတန်းလမ်းနဲ့ ၁ဝ လမ်း ထောင့်မှာ ရပ်ထားတဲ့ နာမည်ကျော်အဆိုတော် သားစိုးရဲ့ မော်တော်ကားကို အရှိန်နဲ့ မောင်းလာတဲ့ ပါရမီ (၂၃၂) လိုင်းကားက ဝင်တိုက်ခဲ့ပါတယ်။ ကားထဲမှာ လူမရှိတဲ့အတွက် ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် ကားတစီးလုံး ပျက်စီးသွားခဲ့တယ်လို့ အဆိုတော်သားစိုးက အာအက်ဖ်အေကို ပြောပါတယ်။

“ခု ရန်ကုန်မြို့မှာ ဖြစ်နေတာပေါ့။ ယာဉ်မောင်းတချို့က ဒါ အဖွဲ့အစည်းကားတွေ ဆိုပြီး မဆင်မခြင် မောင်းတယ်။ လမ်းပြောင်းပြန် မောင်းတာတွေ၊ မီးနီ ဖြတ်တာတွေ၊ မီးဝါ ဖြတ်တာတွေ နေ့တိုင်းတွေ့နေရတယ်။ သူတို့ကားတွေပဲ နေ့တိုင်း ပြဿနာ ရှာနေတာ။ ရန်ကုန်မြို့ထဲမှာ တိုက်လိုက်တယ်ဆိုရင် ဒီကားတွေချည်းပဲ။ မှားရင်လည်း လိုင်းကားတွေပဲ။ ဘယ်သူ့ အားကိုးနဲ့ အဲဒီလောက် မိုက်နေသလဲတော့ မပြောတတ်ဘူး။ ပါရမီလိုင်းက အဆိုးဆုံးပဲ တွေ့သမျှထဲမှာ”

ယာဉ်တိုက်မှုကို လမ်းမတော် ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ အမှုနဲ့ ပတ်သက်လို့ တာဝန်ရှိ ဒု-ရဲအုပ် ပြောပြတာက

“အမှု ဖွင့်ထားတယ်ပေါ့နော်။ ကျန်တဲ့ အသေးစိတ်ကတော့ ရုံး လာပြီးတော့ ယူမှ ရမယ်။ ယာဉ်မောင်းကိုပဲ အရေးယူတာပေါ့နော်။ ပါရမီက အကြီးအကဲ ဘယ်သူလဲ ဘာလဲ ဆိုတာတော့ အသေးစိတ် မသိရဘူး”

ယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ ပါရမီယာဉ်လိုင်းက သက်ဆိုင်ရာ လူကြီးတွေနဲ့ စကားပြောဆိုစဉ် မောက်မောက်မာမာ ဆက်ဆံတာ ခံခဲ့ရတယ်လို့လည်း အဆိုတော်သားစိုးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။