မြန်မာ့လူ့အခွင့်အရေးအခြေအနေ ပိုဆိုးလာနေကြောင်း အမေရိကန်ပြော

RFA Burmese
2024.04.22
မြန်မာ့လူ့အခွင့်အရေးအခြေအနေ ပိုဆိုးလာနေကြောင်း အမေရိကန်ပြော ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က မုံရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြိုခွင်းစဉ်။
Photo: AFP

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေဟာ ပိုပိုဆိုးလာနေတယ်လို့ အမေရိကန်အစိုးရက ထုတ်ပြန်တဲ့ ၂ဝ၂၃ ခုနှစ် လူ့အခွင့်အရေးအစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီက လူ့အခွင့်အရေးချိုးဖောက်တဲ့ဖြစ်ရပ်တွေ အများဆုံး ကျူးလွန်နေပြီးအများဆုံးရှိနေပြီး၊ တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ ဒေသခံ PDF တပ်ဖွဲ့တချို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ရှိနေတယ်လို့ ဧပြီလ ၂၃ ရက် ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

မြန်မာစစ်ကောင်စီဟာ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်တာ၊ ဘာအကြောင်းပြချက်မှ မရှိဘဲ ဖမ်းဆီးတာ၊ လိုတဲ့သူကို ဖမ်းမရရင် မိသားစုဝင်တွေကို ဓားစာခံဖမ်းတာ၊ ဖမ်းဆီးပြီးနောက် ထောင်ထဲမှာ မျှတတဲ့ တရားစီရင်ရေးမပေးတဲ့အပြင်၊ ထောင်တွင်းနှိပ်စက်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကြီးအကျယ် ကျူးလွန်နေတယ်လို့ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ပဋိပက္ခစစ်ပွဲတွေအတွင်းမှာလည်း အရပ်သားပြည်သူတွေ အထိနာစေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေသလို၊ သတင်းထောက်တွေကို ဖမ်းဆီးတာ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်တာ၊ အမျိုးသမီးနဲ့ လူနည်းစုတွေအပေါ် အကြမ်းဖက်ကျူးလွန်နေတာ စတဲ့အချက်တွေကို အစီရင်ခံစာမှာ ဖော်ပြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ အပါအဝင် NLD အရပ်သားအစိုးရခေါင်းဆောင်တွေ၊ NLD ပါတီဝင်တွေဟာလည်း အခုအချိန်ထိ ဖမ်းဆီးခံထားရဆဲပဲလို့ ပြောထားပါတယ်။

အာဏာသိမ်းထားတဲ့ စစ်ကောင်စီကတော့ ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေကို သူတို့မကျူးလွန်ပါဘူးလို့ တစိုက်မတ်မတ် ငြင်းဆိုနေပြီး၊ စစ်ခေါင်းဆောင်တွေ၊ တာဝန်ရှိသူတွေဟာ အခုထက်ထိ ပြစ်ဒဏ်ကနေကင်းလွတ်ခွင့်ရနေတယ်လို့ အမေရိကန်အစိုးရကပြောပါတယ်။

ကချင်၊ချင်း၊ကရင်၊ရှမ်းနဲ့ ကယားပြည်နယ်၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတွေမှာ စစ်ကောင်စီနဲ့ လက်နက်ကိုင်ပြန်လည်ခုခံနေကြတဲ့သူတွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး၊ စစ်ကောင်စီရော၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တပ်ဖွဲ့ဝင်တွေရောဟာ အသက်မပြည့်သေးတဲ့ကလေးတွေကို စစ်သားစုဆောင်းနေကြတယ်လို့လည်း ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။