ရခိုင်ပြည်နယ်အရေး ICC ကိုင်တွယ်မယ် ဆိုရင် အဆင့် ၄ ဆင့် ရှိမည်


2018.09.06
muslim-flee-622.jpg ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ခွာဖို့ရောက်ရှိလာကြတဲ့ မွတ်စလင်တွေကို ဂေါ်ဒူသာရ၊ မှိုဝင်ချောင်းနယ်စပ် ခြံစည်းရိုးအနီးမှာ ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁ဝ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/RFA

ICC နိုင်ငံတကာရာဇဝတ်ခုံရုံး တရားသူကြီးတွေက ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လူ့အခွင့်အရေး ချိုးဖေါက်မောင်းထုတ်ခဲ့တဲ့ အမှုကို စစ်ဆေးစီရင်မယ်ဆိုရင်  ကိုင်တွယ်ဖြေရှင်းတဲ့ အဆင့် ၄ ဆင့်ရှိတယ်လို့ အမေရိကန်အခြေစိုက် ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ Civil Rights Movement တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ ဥက္ကဌ ဦးဌေးလွင်ဦးက  RFA ကိုပြောပါတယ်။

နယ်သာလန်နိုင်ငံ The Hague သည် ဟိတ်မြို့ရှိ ICC နိုင်ငံတကာရာဇဝတ်ခုံရုံး တရားသူကြီးတွေက ရခိုင်ပြည် နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေကို မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ လူ့အခွင့်အရေး ချိုးဖေါက်မောင်းထုတ်ခဲ့တဲ့ အမှုကို သူတို့ စစ်ဆေးစီရင်နိုင်ခွင့်ရှိတယ်လို့ ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး  ဦးဌေးလွင်ဦးက  ပြောသွားတာပါ။


"အဆင့် ၄ ဆင့်ရှိတယ်၊ နံပါတ် ၁ က ဒီအမှုကိုပြင်ဆင်မယ်၊ နံပါတ် ၂ က အောက်ရုံးကနေ အပေါ်ရုံးကိုတင်မယ်၊ အပေါ်ရုံးကိုရောက်သွားတဲ့အဆင့်ပြီးရင်တော့ ဒါ ICC ရဲ့လုပ်ငန်းစဉ်စပြီပေါ့၊ ဒါတတိယအဆင့်မြောက်လို့ ခေါ်တာပေါ့၊ တတိယအဆင့်မြောက်ရဲ့အထက်မှာ တရားစွဲထားသော သို့မဟုတ် စွဲချက်တင်ခံရသောပုဂ္ဂိုလ်ကို မျက်ကွယ်မှာ ဆုံးဖြတ်ချက်ချလို့မရဘူး၊ စွပ်စွဲခံရတဲ့ပုဂ္ဂိုလ်တရားခံတွေက တရားရုံးရှေ့ကိုရောက်အောင် လုပ်ရပါလိမ့်မယ်"

မြန်မာနိုင်ငံ ပဋိပက္ခကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး က အဲဒီလို စစ်ဆေးနိုင်ရေးအတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက သဘောတူ လွဲပြောင်းပေးဖို့လိုပါတယ်။ ဒီပြဿနာကို ဆုံးဖြတ်တဲ့အခါ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံရှိတဲ့အနက် တရုတ်နဲ့ ရုရှားက ဗီတိုသုံးပြီး ပယ်ချနိုင်တဲ့ အလားအလာရှိပါတယ်။ ဦးဌေးလွင်ဦး ကတော့ တရုတ်နဲ့ ရုရှားဟာ အစဉ်အလာအရ ပယ်ချလေ့ရှိပေမယ့် ဒီကိစ္စမှာတော့ ပိုဆိုးဝါးလာနိုင်တဲ့ အခြေအနေတွေကို ထည့်သွင်းစဉ်းစားပြီး မကန့်ကွက်ပဲ နေနိုင်ပါတယ်။ တကယ်လို့ ကန့်ကွက်ခဲ့မယ်ဆိုရင်တော့ R2P (Responsibility to Protect) အရ ကုလသမဂ္ဂ နိုင်ငံတကာတပ်ဖွဲ့တွေ ဝင်ရောက်ဖြေရှင်းတဲ့ အဆင့်ကို ရောက်ရှိသွားနိုင်တယ်လို့ ပြောပါတယ်။

"ရုရှားနဲ့ တရုတ်က တအားပိတ်ထားတယ်၊ ဘယ်လိုမှဖွင့်မပေးဘူးဆိုရင် နိုင်ငံတကာတပ်ပေါင်းစုဝင်ပြီးတော့ ဖြေရှင်းတဲ့နည်းပဲရှိတယ်လေ၊ R2P ဆိုတာက လူမျိုတုံးသတ်ဖြတ်ခံနေရတဲ့ လူအုပ်စုကို ဝင်ရောက်ကာကွယ်ပေး တာ၊ UN ကနေ သူတို့ကို ကာကွယ်စောင့်ရှောက်ပေးတယ်၊ ပြန်လည်ဖွံ့ဖြိုးရေးတွေလုပ်ပေးတယ်၊ ဒီအချိန်မှာ သက်ဆိုင်ရာအစိုးရနဲ့ အမြဲတမ်း သူတို့ကညှိနှိုင်းတယ်၊ ဒီကောင်က ၁၀ နှစ် ၁၅ နှစ်လောက် ခရီးသွားတယ်၊ တိုင်းပြည်က ကွဲသွားစရာအကြောင်းမရှိဘူး"

အခုလို ICC နိုင်ငံတကာရာဇဝတ်ခုံရုံး က ဆုံးဖြတ်ခဲ့တာနဲ့စပ်လျဉ်းပြီး ရိုဟင်ဂျာအရေး ဆောင်ရွက်နေတဲ့ တခြားအဖွဲ့တခုဖြစ်တဲ့ Burma Task Force မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ နဲ့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေက တိုးတက်မှုအဖြစ် ကြိုဆိုကြောင်း မနေ့က ထုတ်ပြန် ကြေညာခဲ့ကြပါတယ်။

Burma Task Force ဥက္ကဌ Iman Abdul Malik Mujahid အီမန် အဗ္ဗဒူလ် မာလစ် မူဂျာဟစ် က မြန်မာပြည်မှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်ဆိုတာ ကမ္ဘာ့ခေါင်းဆောင်တွေ စတင် အသိအမှတ် ပြုလာကြပြီဖြစ်ကြောင်းနဲ့ တာဝန်ရှိသူတွေကို ဥပဒေဘောင်အတွင်းက အရေးယူနိုင်တော့မယ်လို့ မိမိတို့ မျှော်လင့်ကြောင်း ပြောပါတယ်။

နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ညွန်ကြားရေးမှူးတဦးဖြစ်တဲ့ Param-Preet Singh ပါရမ်း ပရိ ဆင်း ကတော့ အခုလို ICC ရဲ့ ထုတ်ပြန်ချက်ကြောင့် တရားဥပဒေအထက်မှာ သူတို့ရှိတယ်လို့ ထင်မြင်ယူဆနေကြတဲ့ မြန်မာတပ်မတော်ခေါင်းဆောင်တွေအနေနဲ့ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေရဲ့ အကျိုး ဆက်တွေကို ရင်ဆိုင်ရတဲ့ အခြေအနေကို ရောက်ရှိသွားနိုင်ကြောင်းနဲ့ မြန်မာနိုင်ငံ ပြဿနာကို လုံခြုံရေးကောင်စီ ကနေ ICC လွှဲပြောင်းပေးခြင်းအားဖြင့် ကချင်နဲ့ ရှမ်းပြည်နယ်တွေ အပါအဝင် လူမဆန်ရက်စက်မှုတွေကို ကြုံတွေ့ခံစားခဲ့ရသူ အားလုံးအတွက် တရားဥပဒေက ကာကွယ်အရေးယူတဲ့နေ့ကို ရောက်ရှိလာနိုင်မှာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။