မြန်မာကို အရေးယူဖို့ လုံခြုံရေးကောင်စီကို EU တိုက်တွန်းနေ


2018.09.15
federica-mogherini-eu-622.jpg EU နိုင်ငံခြားရေးရာ အကြီးအကဲ Federica Mogherini ကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်
Photo: Emmanuel DUNAND / AFP

ဥရောပ သမဂ္ဂ EU က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေကို အစိုးရတပ်ဖွဲ့တွေက လူမဆန် ရက်စက်မှုတွေ ကျူးလွန်ခဲ့တာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူ အပြစ်ပေးနိုင်ရေးအတွက် လုံခြုံရေးကောင်စီအနေနဲ့  ဆုံးဖြတ်ချက်ချဖို့ တိုက်တွန်းနေပါတယ်။

အဲဒီလို ချမှတ်ဖို့ EU က ကမကထပြုပြီး လုံခြုံရေးကောင်စီကို တင်ပြခဲ့တဲ့ ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန် သတင်းဌာနတစ်ခုဖြစ်တဲ့ POLITICO က ရရှိခဲ့ရာမှာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို ချိုးဖောက်ခဲ့မှု အတွက် တာဝန်ရှိသူတွေကို နိုင်ငံတကာ တရားစီရင်ရေး စနစ်တစ်ခုနဲ့ အမြန်ဆုံးအရေးယူဖို့ တိုက်တွန်းထား ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးနဲ့ စစ်ဆေးမှာကို လက်ခံသင့်ကြောင်းလည်း ဖော်ပြထားတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ICC က အရေးယူဖို့အတွက် လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးစွဲခွင့်ရှိတဲ့ နိုင်ငံ ၅ နိုင်ငံအနက် တရုတ်နဲ့ ရုရှားက ကန့်ကွက်နိုင်တဲ့အတွက် သိပ်ပြီး အလားအလာ မရှိဘူးလို့ ပေါ်လီတီကို သတင်းဌာနက ရေးပါတယ်။

ဒီအတောအတွင်း EU နိုင်ငံခြားရေးရာ အကြီးအကဲ Federica Mogherini ဖယ်ဒရီကား မိုဂေရိနီ က သူတို့အဖွဲ့ အနေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက် ရှာဖွေရေးအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ ရိုဟင်ဂျာတွေ သတ်ဖြတ်ခံရမှု အစီရင်ခံစာအပေါ်မူတည်ပြီး မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေ တိုးချဲ့ဖို့ စဉ်းစားနေကြောင်း ကြာသပတေးနေ့က ပြောခဲ့ပါတယ်။

မိမိတို့အနေနဲ့ မြန်မာပြည်နဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တွေကို  ဒီမိုကရေစီနဲ့ လူ့အခွင့်အရး အခြေအနေတွေ တိုးတက်ကောင်းမွန်မှုနဲ့ တိုက်ရိုက်ဆက်စပ် စဉ်းစားမှာဖြစ်ကြောင်း မြန်မာအာဏာပိုင်တွေကို ပွင့်လင်းပြတ်သားစွာ အသိပေးထားပြီး ဖြစ်ပါတယ်။

ကုန်သွယ်ရေးတိုးချဲ့ဖို့အတွက် တိုးတက်အရေးယူမှုတွေကို တိတိကျကျ မြင်ရဖို့လိုအပ်တယ်လို့ EU အကြီးအကဲက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။