မြန်မာက တရားမဝင်ထုတ်ကုန်တွေ မစားသုံးဖို့ အမေရိကန် သတိပေး

RFA Burmese
2024.08.17
မြန်မာက တရားမဝင်ထုတ်ကုန်တွေ မစားသုံးဖို့ အမေရိကန် သတိပေး မြန်မာနိုင်ငံမှ တရားမဝင် တင်သွင်းလာသည့် စားသုံးရန်မသင့်သည့် စည်သွတ်ဘူးထုတ်ကုန်များအား အမေရိကန်ပြည်ထောင်စု အစားအသောက် ဘေးကင်းရေးနှင့် စစ်ဆေးရေးဝန်ဆောင်မှုဌာန (FSIS) က ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။
FSIS

မြန်မာနိုင်ငံက တရားမဝင်တင်သွင်းလာတဲ့ ကြက်သားအပါအဝင် အသားအမျိုးမျိုးပါတဲ့ စည်သွတ်ဘူး ထုတ်ကုန်တွေဟာ စားသုံးဖို့မသင့်ကြောင်း အမေရိကန် အစားအသောက်ဘေးကင်းရေးနဲ့ စစ်ဆေးရေး ဝန်ဆောင်မှုဌာန (FSIS) က သြဂုတ်လ ၁၆ ရက်က သတိပေးလိုက်ပါတယ်။

အရောင်းဆိုင် စင်တွေပေါ်ကနေ ဖယ်ချဖို့ FSIS က ကြေညာထားတဲ့ ထုတ်ကုန်တွေကတော့ အဖွားလက်ရာ စည်သွတ်ဘူးဟင်းလျာတွေ၊ စံပြဒေါ်ကြည်နဲ့ ထိမိဂွိ မုန့်ဟင်းခါးတို့ ပါဝင်ပါတယ်။

မြန်မာဟာ အမေရိကန်ကို ကြက်သားနဲ့ အသားထွက်ပစ္စည်းတွေ တင်သွင်းခွင့်မရှိတဲ့ နိုင်ငံဖြစ်ပြီး ဒီပစ္စည်းတွေ အမေရိကန်ကို ဘယ်လိုဝင်ရောက်လာသလဲဆိုတာ ဆက်ပြီး စုံစမ်းနေတယ်လို့လည်း ရေးသားထားပါတယ်။

FSIS က အရောင်းဆိုင်တစ်ခုကို ပုံမှန်စောင့်ကြည့်ခဲ့ချိန်မှာ အခုလို မြန်မာက တရားမဝင်တင်သွင်းလာတဲ့ ထုတ်ကုန်တွေကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒီထုတ်ကုန်တွေကို စားလို့ ဘယ်လိုဘေးထွက်ဆိုးကျိုးရှိတယ်ဆိုတာ မသိရသေးပေမဲ့ တစ်ခုခုဖြစ်လာခဲ့ရင် ကျန်းမာရေးဌာနနဲ့ ဆက်သွယ်ကြဖို့လည်း ရေးသားထားပါတယ်။

FSIS ကြေညာချက်မှာပါတဲ့ Media Relationship and Sales Manager ဆိုသူ မြန်မာအမျိုးသမီးတစ်ဦးကတော့ မြန်မာကတင်သွင်းလာတဲ့ ငါးခူ၊ ငါးခူမျိုးရင်းတွေနဲ့ တင်သွင်းခွင့်မရှိတဲ့ အသားတွေပါတဲ့ ပစ္စည်းတွေကို ‌ FSIS က ကြေညာတာဖြစ်တယ်လို့ လူမှုကွန်ရက်မှာ ဖြေရှင်းရေးသားထားပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းဖို့ RFA က အဲဒီအမျိုးသမီးကို ဆက်သွယ်နေဆဲဖြစ်ပါတယ်။

တရားမဝင်တင်သွင်းလာတဲ့ ပစ္စည်းတွေကို မရောင်းချဖို့နဲ့ စားသုံးသူတွေအ‌နေနဲ့လည်း မဝယ်ကြဖို့ FSIS က သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။