ဂျော်ဒန်ရောက်မြန်မာများ နေရပ်ပြန်ရေး မြန်မာအစိုးရ ကြားဝင်ညှိနှိုင်း

နန္ဒာချမ်း
2020.06.26

ကပ်ရောဂါကာလ ဂျော်ဒန်နိုင်ငံမှာ သောင်တင်နေကြတဲ့ မြန်မာအလုပ်သမားတွေ နေရပ်ပြန်နိုင်ရေး မြန်မာအစိုးရက အခုနောက်ဆုံး ကြားဝင်ညှိနှိုင်းဖို့ ကြိုးပမ်းနေပါပြီ။

ဂျော်ဒန်နိုင်ငံရောက် နေရပ်ပြန်လိုတဲ့ မြန်မာအလုပ်သမားတွေစာရင်းကို စက်ရုံတွေကနေ တောင်းခံထားတယ် လို့ အစ္စရေးလ်နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးက RFA ကို ပြောပါတယ်။ အလုပ်သမားတွေ နေရပ်ပြန်ဖို့ အခက်အခဲဖြစ်နေကြောင်း ဇွန်လ ၂၃ ရက် အင်္ဂါနေ့မှာ RFA က သတင်းထုတ်လွှင့်ခဲ့ပြီးနောက် အစ္စရေးလ်မှာ ရှိတဲ့ မြန်မာသံရုံးကနေ - အလုပ်သမားတွေအရေး ကူညီနေကြောင်း ဖြေကြားခဲ့တာပါ။  ကိုရိုနာဗိုင်းရပ်စ် ကြောင့် ဂျော်ဒန်နိုင်ငံမှာ လေဆိပ်နဲ့ လေကြောင်းလိုင်းတွေ ပိတ်ထားတဲ့အတွက် အလုပ်သမား တွေ နေရပ်ပြန်ဖို့ ခက်ခဲနေတာဖြစ်ပြီး၊ သံရုံးအနေနဲ့ ဂျော်ဒန်နိုင်ငံက လေဆိပ်ပြန်ဖွင့်မယ့်သတင်းကို စောင့် ကြည့်နေကြောင်း၊ လေဆိပ်ပြန်ဖွင့်တဲ့အခါ ကုမ္ပဏီဘက်က စီစဉ်ပေးမယ့် လေကြောင်းနဲ့ မြန်မာအစိုးရက စီစဉ်တဲ့ ကယ်ဆယ်ရေးလေယာဉ် ချိတ်ဆက်နိုင်အောင် သံရုံးက ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း အီးမေးလ်နဲ့ ဖြေကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံခြားရေးဌာနကို မြန်မာသံရုံးကနေ အကြောင်းကြားလာ တယ်လို့ ကောင်စစ်ရေးရာနဲ့ ဥပဒေရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံ က ပြောပါတယ်။

“အစဉ်တစိုက်တော့ ကျနော်တို့ ဆောင်ရွက်နေပါတယ်။ သို့သော်ငြားလည်း ဂျော်ဒန်မှာရှိတဲ့ အလုပ်သမားတွေ ကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမား၊ အလုပ်ရှင်နဲ့ အေဂျင်စီ သုံးပွင့်ဆိုင် ဖြေရှင်းရမယ့်ကိစ္စ ဖြစ်နေတော့ - လောလောဆယ် ဒီဘက်မှာရှိတဲ့ အလုပ်သမားဝန်ကြီးဌာနကနေ ပူးပေါင်း ညှိနှိုင်းပေးဖို့ဆိုပြီး သံရုံးဘက်က မေတ္တာရပ်ခံတာ ရှိပါတယ်။ ပြန်ခေါ်မယ့်ကိစ္စတွေကိုပါ။ အထူးသဖြင့်တော့ အခက်အခဲဖြစ်နေတဲ့ အလုပ်သမား တွေ ပြန်ရေးစရိတ်၊ နေရေးစရိတ်ကအစ အကုန်လုံးက အလုပ်ရှင်ဘက်မှာလည်း တာဝန်ရှိပါတယ်။ အခုက အလုပ်ရှင်ဘက်ကလည်း တချို့ဟာလေးတွေ နည်းနည်း လစ်ဟင်းပေါ့လျော့တာလေးတွေ ရှိတဲ့အခါမှာ သံရုံးအနေနဲ့ ဝင်စွက်ဖို့ ခက်နေတယ်။ အဓိကကတော့ အလုပ်သမားဝန်ကြီးဌာနက ပူးပေါင်းဆောင်ရွက်ပေးဖို့ ပြောပါတယ်။ ဒီအပေါ်မှာ ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှာဖို့ ရှိပါတယ်။”

မြန်မာအလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ကတော့ - လတ်တလော နောက်ဆုံး အခြေအနေတွေကို မသိရသေးကြောင်းနဲ့ အလုပ်သမားစေလွှတ်ရေးအေဂျင်စီတွေနဲ့  မေးမြန်းပြီး - ဆက်လက် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“အဲ့ဒါတွေအကုန်လုံးကလေ သက်ဆိုင်ရာဦးစီးဌာနကို ရောက်တယ်။ သက်ဆိုင်ရာဦးစီးဌာနကနေမှ ကျနော်တို့ ဒီဘက်က ဝန်ကြီးရုံးကို တင်တာပေါ့ဗျာ။ ပထမတကြော ဖြစ်နေတာကိုတော့ သိပါတယ်။ အဲ့ဒါကြောင့် ဒါကိုလည်း သက်ဆိုင်ရာ အေဂျင်စီတွေကို ရှင်းခိုင်းကတည်းက အဲ့လောက်တော့ ကျနော်တို့ သိထားတယ်။ အခု ဒီ နှစ်ရက် သုံးရက်ဆိုတာတော့ ကျနော် မသိဘူးခင်ဗျ။ သို့သော်လည်း ခုနကလို တရားဝင်ဝင် - မဝင်ဝင် ကျနော်တို့ လူကြီးတွေ မူရှိတယ်လေ။ ကိုယ့်နိုင်ငံသားတွေကိုတော့ ကူညီမယ်ဆိုတဲ့ မူကတော့ ရှိပြီးသားဗျ။ အဲ့ဒီအတိုင်းပဲ ရှိမှာပါ။”


လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်မာအလုပ်သမားတာဝန်ခံတစ်ဦးကတော့ - လုပ်သက်ပြည့်ပြီးသားနဲ့ ဧပြီလမှာ နှုတ်ထွက်စာတင်ထားတဲ့ အလုပ်သမားတွေအတွက် လေယာဉ်ခကို အလုပ်ရှင်က ကူညီသွားမယ်လို့ ပြောပါတယ်။ ကုမ္ပဏီဘက်က တာဝန်ရှိသူတွေကို တိုက်ရိုက်မေးမြန်းနိုင်ဖို့အတွက် RFA က ကြိုးစားနေဆဲပါ။

လတ်တလော အခြေအနေမှာတော့ - မြန်မာအလုပ်သမားတွေ နေရပ်ပြန်ဖို့က ဂျော်ဒန်နိုင်ငံလေဆိပ် ပြန်ဖွင့်ရင်တောင် ရာနှုန်းပြည့် မသေချာသေးဘူးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ခံ ကောင်စစ်ရေးရာနဲ့ ဥပဒေရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ဇံ က ပြောပါတယ်။

“ဒါကတော့ ကျနော့် ပုဂ္ဂိုလ်ရေးတဦးတည်းအမြင်ပါ။ ၅ဝ-၅ဝ ရာခိုင်နှုန်းမှာပဲရှိပါတယ်။ ရာနှုန်းပြည့်လို့တော့ ကျနော် မပြောနိုင်ပါဘူး ပြန်ခေါ်နိုင်မယ့်အနေအထားကို။ ပြန်ခေါ်နိုင်မယ့် လမ်းကြောင်းပေါ်ကိုတော့ ရောက်နေတဲ့ အနေအထားတော့ မရှိသေးဘူး။ ဆိုလိုတာက အခြားနိုင်ငံတွေကနေ ဥပမာ - စင်္ကာပူလိုဟာမျိုး သင်္ဘောသား တွေ ပိတ်မိနေတဲ့ သင်္ဘောသားတွေ သံရုံးတွေကနေ ပူးပေါင်းဆောင်ရွက်တာ ရှိတာပေါ့နော်။ ဘယ်နှစ်ယောက် တော့ ပိတ်မိနေတယ်။ သူတို့ဆီမှာ ဘယ်နှစ်ယောက်တော့ စာရင်းဝင်နေပြီ။ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကိုဗစ် ကင်းရှင်းကြောင်း အဲ့ဒါတွေကအစ သူတို့ရှင်းထားပြီးဖြစ်တယ်ဆိုတာမျိုး သွားနိုင်မှ ကျနော်တို့က တပတ် ၁ဝ ရက်အတွင်း ပြန်ခေါ်နိုင်မယ့် အနေအထားပေါ့။ အခုက လက်ရှိမှာ ကယ်ဆယ်ရေးအနေနဲ့ တင်ဖို့အနေအထား တောင် ညှိနှိုင်းမှုက ရာနှုန်းပြည့် မရောက်သေးဘူးဆိုတော့ နည်းနည်းလေးတော့ အချိန်လေးတော့ ယူရဦးမှာ ပါ။ အဲ့ဒါကြောင့် ကျနော့်တယောက်တည်းအမြင်ကတော့ ၅ဝ ရာခိုင်နှုန်းစီပါပဲ။”


ဂျော်ဒန်နိုင်ငံ ကော်ဝါစက်ရုံမှာလုပ်ကိုင်နေတဲ့ မအေးအေးသွယ်ကတော့ -

“အဓိက သမီးကတော့ ပြန်ချင်တယ်။ သမီးတို့ကို ဖြစ်နိုင်ရင် ဘယ်လိုခေါ်မလဲ ဘယ်လိုလေကြောင်းနဲ့ပဲဖြစ်ဖြစ်၊ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် ပြန်ရ ပြန်ရပါ ပြန်ချင်ပါတယ်။ သမီးတို့လက်ထဲမှာ လစာလည်းမရှိတော့ဘူး။ အသုံးစရိတ်ကလည်း ပြတ်သွားပြီ။ နေမကောင်းတဲ့အခါ အရမ်းကို အားငယ်တယ်။ နောက်ဆုံး ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့စိတ်တွေ ပေါက်မိတယ်။”


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတော့ နေရပ်ပြန်လိုတဲ့ မြန်မာနိုင်ငံသားတွေကို ပြန် ခေါ်မယ်လို့ ဧပြီလ ၃ဝ ရက်နေ့မှာ ပြောထားဖူးပါတယ်။

“ကိုယ့်ရဲ့နိုင်ငံသားတွေဆိုရင် တရားဝင်သွားနေတာဖြစ်စေ၊ တရားမဝင်သွားနေတာဖြစ်စေ ပြန်လက်ခံမှာပဲ။ ပြန်လည်း လက်ခံရမှာပဲ။ ဒါ ကိုယ့်ရဲ့မိဘအိမ်လိုပဲ။ မိဘဆိုတာ သားသမီးတွေကို အဆင်ပြေမှ လက်ခံမယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ ကြည့်နေလို့ မဖြစ်ဘူး။”

ကော်ဝါစက်ရုံမှာ အလုပ်လုပ်နေတဲ့ ကိုပြည့်ဖြိုးဇော်ကလည်း - မြန်မာအစိုးရက ကူညီပေးပါလို့ RFA ကတဆင့် ပြောကြားလာပါတယ်။

“အခုဆိုရင် လောလောဆယ် အလုပ်ရပ်နားခံရတဲ့သူတွေက စက်ရုံကနေ အဆောင်ပေးထားတယ်။ ထမင်း နှစ်နှပ်ကျွေးတယ်။ ထမင်းနှစ်နှပ်ကလည်း မသေထမင်း၊ မသေဟင်းပါ။ ကောင်းကောင်းမွန်မွန်တော့ မဟုတ်ဘူးဗျ။ ပြီးတော့ ကျနော်တို့ တကိုယ်ရေတကိုယ်ယ သုံးစွဲမှု ငွေကြေး မရှိပါဘူး။ အပြင်မှာနေတဲ့သူတွေ ဆိုရင် အခု ဒီလနဲ့ဆိုရင် ၄ လ ရှိပြီ အဆောင်လခ မပေးရဘူး။ တကယ်လို့ သူတို့ ဒီမှာနေတာ အိမ်ရှင်က သဘောမတူလို့ အိမ်လခမပေးနိုင်လို့ ရဲတိုင်ရင် ဘယ်သူလိုက်ရှင်းပေးမှာလဲ။ တကယ့်တကယ် အိမ်ပေါ်က နှင် ချလိုက်ရင်ကော လမ်းဘေးမှာ အိပ်ရမှာလား။ လမ်းဘေးမှာပဲ နေကြရမှာလား။ အခု ကျနော်တို့က ကျနော်တို့ မြန်မာနိုင်ငံ အစိုးရကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ အစိုးရကို အကူအညီတောင်းနေတာပါ။ ကျနော်တို့ ပြောချင်တာကတော့ ပြည်ပမှာရှိနေတဲ့ မြန်မာအလုပ်သမားတွေက အမြန်ဆုံး ပြန်လာချင်ပါတယ်။ ပြီးရင် ၂ဝ၂ဝ ရွေးကောက်ပွဲမှာလည်း ဝင်ပြီးတော့ မဲပေးချင်ပါတယ်လို့ ပြောချင်ပါတယ်။”

မြန်မာအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းမှာတော့ - ၂ဝ၁၉ ဧပြီကနေ ၂ဝ၂ဝ မတ်လအထိ ဂျော်ဒန်နိုင်ငံကို အလုပ်သမားစေလွှတ်မှု ၁ ထောင့်နဲ့ ၈ ယောက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ မြန်မာ အလုပ်သမားတာဝန်ခံရဲ့ ပြောကြားချက်အရတော့ - ကော်ဝါစက်ရုံတခုတည်းမှာတင် မြန်မာအလုပ်သမား ၁၇ဝ၂ ယောက်ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိ ဂျော်ဒန်နိုင်ငံမှာ မြန်မာအလုပ်သမားတွေလုပ်ကိုင်နေတဲ့ စက်ရုံ ၃ ခုရှိနေတာပါ။ မြန်မာအလုပ်သမားတွေအားလုံးဟာ တရားဝင် ပတ်စ်ပို့ကိုင်ဆောင်ထားသူတွေဖြစ်ပေမဲ့ - ဂျော်ဒန်နဲ့ မြန်မာ နိုင်ငံကြားမှာ သံတမန်ဆက်ဆံရေးလည်း မရှိတာကြောင့် အစ္စရေးလ်မှာရှိတဲ့ မြန်မာသံရုံးကပဲ ဒီအလုပ်သမားတွေအရေး ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။