နီပေါမှာ ပိတ်မိနေတဲ့ မြန်မာ ၃ဝ ကျော် ပြန်လာခွင့်မရသေး

စောဖိုးခွား
2020.05.26
nepal-622.jpg နီ‌ပေါလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်။
Screen Capture from AFP Video

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေးအတွက် တခြားကမ္ဘာ့နိုင်ငံ တော်တော်များများနည်းတူ နီပေါနိုင်ငံဟာလည်း အသွားအလာ ကန့်သတ်ပိတ်ပင်ထားတာကြောင့် အဲ့ဒီကိုရောက်နေတဲ့ မြန်မာနိုင်ငံသား အယောက် ၃၀ ကျော် ပိတ်မိနေကြတာပါ။

အဲ့ဒီထဲမှာ ပညာတော်သင်ဘုန်းကြီးတွေ၊ ကျောင်းလာတက်နေတဲ့သူတွေနဲ့ ဘုရားဖူးသွားတဲ့သူတွေလည်း ပါပါတယ်။

လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက နီပေါနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို ပိတ်မိနေတဲ့အကြောင်း အသိပေးထားပေမယ့် အခုအချိန်ထိ အိမ်ပြန်နိုင်ဖို့ သံရုံးဘက်က လုပ်ပေးတာတော့ မရှိသေးဘူးလို့ နီပေါနိုင်ငံ မြို့တော် Kathmandu မှာပိတ်မိနေတဲ့ အမည်မဖော်လိုသူ မြန်မာ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

(မ ... ) ဟာ နီပေါနိုင်ငံက ဆေးရုံတစ်ရုံမှာ အာဟာရဆိုင်ရာအကြံပေး Volunteers လုပ်ဖို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ နီပေါနိုင်ငံကို ရောက်နေတာပါ။ သူ့ကို ဆေးရုံမှာ အလုပ်လုပ်မှန်းသိရင် အိမ်မငှားတာကြောင့် အခုဆေးရုံက ထွက်လိုက်ပြီး မြို့ပေါ်မှာအိမ်ငှားနေနေတာ ဖြစ်ပါတယ်။

ပိတ်မိနေတဲ့သူတွေထဲက နောက်တစ်ယောက်ကတော့ ဦးဂျမ်းမဟာဒူး ပါ။ ဦးဂျမ်းမဟာဒူးဟာ ဂေါ်ရခါးဓမ္မအဖွဲ့ချုပ်ရဲ့ စေလွှတ်မှုနဲ့ နီပေါစာပေသင်ကြားရေး လေ့လာရေးခရီးလာရင်း ပိတ်မိနေတာပါ။

နိုင်ငံတော် အစိုးရဘက်က တကမ္ဘာလုံးမှာပိတ်မိနေတဲ့ မြန်မာပြည်ပြန်လာချင်သူတွေ အားလုံးကိုပြန်ခေါ်မယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

နိုင်ငံတော်တော်များများက သံရုံးတွေကလည်း ရောက်နေတဲ့နိုင်ငံတွေမှာ ပိတ်မိနေလို့ မြန်မာပြည် ပြန်ချင်တဲ့သူတွေအနေနဲ့ သံရုံးကိုဆက်သွယ်ဖို့ ထုတ်ပြန်ထားကြပါတယ်။

နိုင်ငံတော်တော်များများကို ရောက်နေတဲ့သူတွေကို ကယ်ဆယ်ရေးလေယာဉ်တွေ စေလွတ်ပြီး ပြန်ခေါ်နေပေမယ့်လည်း နီပေါနိုင်ငံမှာ ပိတ်မိနေတဲ့သူတွေအတွက်တော့ ဘယ်နေ့ပြန်ရမလဲဆိုတာ ဘာမှမသိရသေးပါဘူး။

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်းကို RFA က ဆက်သွယ်မေးမြန်းပေမယ့်လည်း တိကျတဲ့အဖြေတော့ မပေးနိုင်ပါဘူး။

လက်ရှိ နီပေါနိုင်ငံတွင်းမှာ ပိတ်မိနေကြတဲ့သူတွေဟာ နေထိုင်ခွင့် ဗီဇာသက်တမ်း ကုန်နေကြပြီမို့ သက်တမ်းထပ်တိုးဖို့ အခက်အခဲတွေရှိနေတာပါ။ နီပေါအစိုးရက လာမယ့်ဇွန်လဆန်းပိုင်းထိ တိုင်းပြည်ထဲမှာ ကန့်သတ်သွားလာခွင့် ပိတ်ထားမယ်လို့ လတ်တလော ကြေညာထားသလို ဗီဇာသက်တမ်းတိုးတဲ့ လုပ်ငန်းတွေကိုလည်း ရပ်ထားတာဖြစ်ပါတယ်။ နီပေါနိုင်ငံမှာ ကပ်ရောဂါကြောင့် မနေ့ကထိ သေဆုံးတဲ့သူ ၃ ယောက် နဲ့ ရောဂါ ကူးစက်ခံထားရသူက ၆၀၀ ကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။