ရွေးကောက်ပွဲမဲပေးခွင့်ရဖို့ နိုင်ငံခြားက မြန်မာတွေ စတင်လှုပ်ရှား

ခင်မောင်စိုး
2020.07.10

မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က လာမယ့် နိုဝင်ဘာလမှာ ရွေးကောက်ပွဲတွေကျင်းပမယ်လို့ ကြေညာလိုက်ပြီးနောက် နိုင်ငံခြားရှိ မြန်မာအရေးလှုပ်ရှားသူတွေဟာ သက်ဆိုင်ရာ မြန်မာသံရုံးတွေနဲ့ ဆက်သွယ်ပြီး မဲပေးခွင့် ပုံစံစာရွက်တွေကို စတင်ဝေငှနေကြပါတယ်။

လက်ရှိမှာ ကမ္ဘာအနှံ့အပြား ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကြောင့် လှုပ်ရှားစုဝေးဖို့ အခက်ကြုံနေကြပေမယ့် နိုင်ငံခြားရောက် မြန်မာတွေကတော့ ရွေးကောက်ပွဲမဲပေးဖို့ပုံစံတွေကို နည်းမျိုးစုံနဲ့ စတင်ဖြန့်ချိနေကြပါပြီ။ စင်္ကာပူမှာရှိတဲ့ မစန္ဒာကျော်နိုင်ကတော့ သူတို့ စင်္ကာပူက မြန်မာတွေဟာ အတက်ကြွဆုံးလို့ ပြောပါတယ်။

"သံရုံးမှာ ပုံစံဖောင်ယူတယ် - ပြီးတော့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကော်ပီတွေ ထောင်ချီဆွဲထားတယ်။ အဖွဲ့အစည်းပေါင်းစုံ တက်ညီလက်ညီပါပဲ။ ကျမတို့က မြို့ထဲမှာရှိတော့ ဆိုင်တွေမှာ ထားတာပေါ့။ လာစားတဲ့သူမှန်သမျှကိုရော ဖေ့စ်ဘွတ်ပေ့ချ်တွေမှာပါ ကြေညာထားပြီးတော့ ပင်နီဆူလာ ပလာဇာဆိုရင်လဲ နေရာတွေခွဲပြီး ပေးထားတာပေါ့နော်။ အဲဒီ ပုံစံ ၁၅ ကိုဖြည့် ဖြည့်ပြီးတာတွေ စုပြီး သံရုံးကိုပို့မှာပေါ့ ။ အခုလို Covid 19 ကာလ နဲ့ကြုံရတဲ့အခါမှာ တော်တော်ကို ပြဿနာတက်တယ်။ အပြင်တချို့ ထွက်လို့မရတဲ့သူတွေရှိတယ်။အဆောင်တွေကထွက်မရရင် အဲဒီအဆောင်ထဲမှာ ဘယ်နှစ်ယောက်ရှိလဲ ၄ဝ ရှိတယ်ဆိုရင် တချို့ကတာဝန်ယူပြီး အဲ့ဒီထဲ ရောက်အောင်ပို့ပေးပေါ့”


တောင်ကိုရီးယားနိုင်ငံမှာ မြန်မာ ၃ သောင်းခွဲခန့် ရှိပါတယ်။ ဆိုးလ်မြို့ရှိ ကိုဝင်းပေါ်မောင် က သူတို့   ရွေးကောက်ပွဲ အထောက်အကူပြုကော်မတီဖွဲ့ပြီး မဲပေးဖို့လျှောက်လွှာပုံစံစာရွက်တွေကို ဇူလိုင် ၅ ရက်နေ့က စတင်ဝေငှနေတယ်လို့ RFA ကို ပြောပါတယ်။

“တနိုင်ငံလုံးကို ဖြန့်တဲ့အခါကျတော့ မြို့တိုင်း မြန်မာနိုင်ငံသားတွေရှိတဲ့ နေရာအနှံ့ ရောက်အောင် ပုံစံ ၁၅ တွေကို ကျနော်တို့ဖြန့်ဝေပြီး ကောက်ယူနေကြပါပြီ။ အရင် ၂ဝ၁၅ ခုနှစ်ထက်တော့ ကျနော်တို့နည်းစရာအကြောင်း မရှိပါဘူး။ ပုံစံ ၁၅ အနည်းဆုံး ငါးထောင်နဲ့ တသောင်းအကြား ရောက်လာမယ်လို့ ကျနော်တို့ခန့်မှန်းထားတယ်။ Covid ကြောင့် အခက်အခဲကတော့ ကျနော်တို့လူချင်းဆုံလို့မရတာရယ် လူများများရှိမဲ့ပွဲမျိုး ကျနော်တို့ ဖန်တီးလို့မရဘူး။ နောက်လမ်းဆုံတွေ မြန်မာတွေဆုံတဲ့နေရာတွေမှာ campaign ပုံစံမျိုးလုပ်ပြီး လူစုလူဝေးနဲ့ ပုံစံတွေ ဖြန့်ဝေတာမျိုးလုပ်လို့မရဘူး အုပ်စုသေးလေးတွေနဲ့ပဲ လုပ်ရတယ်။ နီးစပ်ရာစက်ရုံအလုပ်ရုံတွေကို သွားရတယ်”

ဂျပန်နိုင်ငံမှာလည်း ပုံစံစာရွက်တွေဝေငှနေတာ ၁ ပတ်ရှိပါပြီ။ ဦးဆောင်လှုပ်ရှားနေသူတဦးက ကိုမျိုးစန်းဦးပါ။ သူ့ကို မျိုးကြီးလို့ လူသိများပါတယ်။

“တိုကျိုမှာရှိတဲ့ မြန်မာစားသောက်ဆိုင်တွေမှာ ကျနော်တို့ ဖောင်တွေကိုထာထားတယ် ဒေါင်းလုပ်ဆွဲပြီးတော့ - တနင်္ဂနွေနေ့ကျရင်တော့ ကျနော်တို့ လူငယ်အင်အားစုတွေ က Takadanobaba တာကာဒါနိုဘာဘာမြို့မှာ  ပုံစံဖောင်တွေကို  ဝေပေးမယ်။ အဲဒီ တာကာဒါနိုဘာဘာ ဆိုတာက မြန်မာအများစု စနေ တနင်္ဂနွေဆိုရင် ဈေးဝယ်လာကြတဲ့မြို့ပေါ့။ အဲဒီမှာ မြန်မာစားသောက်ဆိုင်တွေ ကုန်စုံဆိုင်တွေ ၃ဝ  ကျော်လောက်ရှိတယ်။ တချို့ကျတော့လဲ ကျနော်တို့ စာတိုက်ကနေတဆင့် ပို့ပေးတာတွေလုပ်တယ် အခုနောက်ပိုင်း ဂျပန် နဲ့မြန်မာ အလုပ်သမား ခေါ်ယူရေးစာချုပ် အေးဂျင့်တွေကတဆင့် တရားဝင်လာတဲ့သူတွေ အရမ်းများတာပေါ့နော်။ ၂ဝ၁၅ နဲ့တော့ မတူဘူးပေါ့။ ၂ဝ၁၅ တုန်းက မြန်မာ ၂ သောင်းနီးပါးရှိပေမဲ့ တထောင်ကျော်လောက်ပဲမဲပေးခွင့်ရကြတယ်။ ဒီတခေါက်တော့ ကျနော်ထင်တယ် - သောင်းဂဏန်းလောက်အထိ မဲပေးခွင့်ရကြမယ်ထင်တယ်”

သူတို့အားလုံးက သက်ဆိုင်ရာ မြန်မာသံရုံးတွေနဲ့ အခုဆက်သွယ်ဆောင်ရွက်ရတာဟာ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်ကာလထက် ပိုမိုအဆင်ပြေတယ်လို့ RFA ကို ပြောပါတယ်။ ပုံစံတွေကို စတင်ဖြန့်ချိနေတဲ့ကာလဖြစ်လို့ ပြန်လည် ရရှိတဲ့အရေအတွက်တွေက ရာဂဏန်းပဲ ရှိပါသေးတယ်။ မကြာခင်လပိုင်းအတွင်း ပုံစံတင်တဲ့ အရေအတွက်ကို ပိုမိုသိရှိနိုင်မယ်လို့ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။