အိန္ဒိယ-မြန်မာ ပေါင်းကူး စြင်္ကန်လမ်း စီမံကိန်းကြီးတွေ ၂ဝ၁၆ မှာ ပြီးစီးဖွယ်ရှိ


2014.08.15
road-305.jpg အဝေးပြေးလမ်းမတစ်ခုမှာ ကုန်တင်ကားတစ်စီး မောင်းနှင်နေ စဉ်
(Photo: RFA/Tyler Chapman)

လာမယ့် ၂၀၁၆ ခုနှစ်ကျရင် အိန္ဒိယကနေ  မြန်မာနဲ့  ထိုင်းအထိ အဝေးပြေးလမ်းမကြီးကတဆင့် ဆက်သွယ်နိုင်တော့မယ့် အလားအလာ ရှိကြောင်း အိန္ဒိယအစိုးရ အရှေ့မြောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး မစ္စတာ VK Singh က ပြောပါတယ်။

အိန္ဒိယနဲ့ မြန်မာကြား ဆက်သွယ်ရေး ပေါင်းကူး စြင်္ကန်လမ်းတွေကို ဖွံ့ဖြိုးတိုးတက်ရေး စြင်္ကန်လမ်းတွေ အဖြစ် အသွင်ပြောင်းလဲရေးဆိုတဲ့ ပညာရှင်ဆွေးနွေးပွဲ တစ်ခုမှာ ဝန်ကြီး VK Singh က ပြောကြားခဲ့တာပါ။

အိန္ဒိယနဲ့ မြန်မာကြား လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အဓိက စီမံကိန်းကြီးနှစ်ခုရှိရာမှာ ကုလားတန် ဘက်စုံစီမံကိန်းနဲ့ အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးပွင့်ဆိုင် အဝေးပြေးလမ်း စီမံကိန်းတွေဖြစ်ပါတယ်။ အဲ့ဒီ စီမံကိန်းတွေ ပြီးစီးသွားရင် အိန္ဒိယဟာ မြန်မာပြည်ကတဆင့် အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားဆိပ်ကမ်းနဲ့ မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းတို့ကို ဆက်သွယ်မယ့် ကုလားတန်စီမံကိန်းကို နှစ်နိုင်ငံအစိုးရတွေ ၂ဝဝ၈ ခုနှစ်က သဘောတူလက်မှတ် ရေးထိုးခဲ့ကြတာပါ။ အဲ့ဒီစီမံကိန်းဟာ အိန္ဒိယ မီဇိုရမ်ပြည်နယ်အထိ ရေလမ်း၊ ကုန်းလမ်းတွေနဲ့ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးပွင့်ဆိုင် အဝေးပြေးလမ်း စီမံကိန်းကတော့ ၂၀၀၂ ခုနှစ်  ရန်ကုန်မြို့မှာ ကျင်းပခဲ့တဲ့ သုံးနိုင်ငံဝန်ကြီးအဆင့် ဆွေးနွေးပွဲကနေ ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။  အိန္ဒိယနိုင်ငံ မိုးရေးမြို့ ကနေ မြန်မာနိုင်ငံကိုဖြတ်ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ရောက်ရှိမှာဖြစ်တာကြောင့် အိန္ဒိယအတွက် အရှေ့တောင် အာရှနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံနိုင်တော့မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။