အိန္ဒိယ မြန်မာကားလမ်း စတင် ဖေါက်လုပ်
2018.04.18
အမေရိကန်ဒေါ်လာ ၄၈၄ သန်းကုန်ကျမယ့် ကုလားတန်ဘက်စုံစီမံချက်ရဲ့ တစိတ်တပိုင်းအနေနဲ့ မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် Zorinpui နဲ့ ချင်းပြည်နယ် ပလက်ဝကို ဆက်သွယ်မယ့် ၁၀၉ ကီလိုမီတာရှိတဲ့ လမ်းကို အိန္ဒိယက စတင်ဖောက်လုပ်နိုင်သွားပါပြီ။
တောထူထူတွေနဲ့ တောင်ကုန်းတွေပါဖြတ်ပြီး ဖောက်လုပ်မယ့် ဒီ စီမံချက်ကို နယူးဒေလီ အခြေစိုက် C &C ဆောက်လုပ်ရေးလုပ်ငန်းက မနှစ်ကဇူလိုင်လမှာ ကန်ထရိုက်ရပါတယ်။ ဒါပေမဲ့ လုပ်ငန်းစတင်နိုင်ဖို့ ဒီနှစ်ဇန်နဝါရီလထိ မြန်မာအစိုးရရဲ့ ခွင့်ပြုချက်ကို စောင့်ရပါတယ်။
ဒီလမ်းဖောက်လုပ်ပြီးစီးသွားရင် အိန္ဒိယ မီဇိုရမ်ပြည်နယ်နဲ့ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းကို ဆက်သွယ်ဖို့ အထောက်အကူဖြစ်စေပါမယ်။
ကုလားတန် ဘက်စုံစီမံချက်လုပ်ငန်းက မြန်မာနိုင်ငံဘက်ခြမ်းမှာရှိတဲ့ လုပ်ငန်းတွေကို အိန္ဒိယက အပြီးသတ်ဆောင်ရွက်ပြီးစီးတဲ့ထဲ စစ်တွေ ဆိပ်ကမ်းပါပါဝင်ပါတယ်။ ဒီဆိပ်ကမ်းရှိလို့ ကုလားတန်မြစ်ကို ဆန်တက်ပြီး စစ်တွေကနေ ပလက်ဝထိ ခရီးပေါက်သွားပါတယ်။
ဒါတင်မက ကုန်စည်တွေ မြန်မြန်ဆန်ဆန်တင်ပို့နိုင်ဖို့ မြန်မာနယ်စပ်ကနေ အိန္ဒိယနိုင်ငံ မီဇိုပြည်နယ်မြို့တော် Aizawl ကို ကီလိုမီတာ ၃၀၀ ရှိတဲ့ ခြောက်လမ်းသွား အဝေးပြေးလမ်းလည်း ဖောက်လုပ်နေပါတယ်။
ပလက်ဝနဲ့ Zorinpui ဆက်သွယ်တဲ့ လမ်းပြီးစီးရေးဟာ ကုလားတန်ဘက်စုံ စီမံချက်အကောင်အထည်ဖော်ရေးမှာ အဓိကကျပါတယ်။ ဒါပေမဲ့ ၂၀၁၅ အောက်တိုဘာထိ အကောင်အထည်မဖော်နိုင်ဘဲ နရိန်ဒရာမိုဒီ အစိုးရက စီမံကိန်းကုန်ကျစရိတ် လျာထားငွေကို ၆ ဆ နီးပါးတိုးလိုက်ပြီး အစိုးရပိုင် Ircon Infrastructure အဖွဲ့ကို အတိုင်ပင်ခံအဖြစ်ထားရှိလိုက်ပါတယ်။