မြန်မာအရေးဆွေးနွေးဖို့ အာဆီယံဥက္ကဋ္ဌ လာအိုကို ထိုင်းအဆိုပြု
2024.04.24

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ အရှေ့တောင်အာရှနိုင်ငံတွေ တွေ့ဆုံဆွေးနွေးဖို့ ထိုင်းအစိုးရက အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံကို အဆိုပြုထားတယ်လို့ ရိုက်တာသတင်းဌာနက ဧပြီလ ၂၄ ရက်နေ့ ဒီနေ့ ရေးသားပါတယ်။
ကာလရှည်ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ မလေးရှား၊ လာအိုနဲ့ အင်ဒိုနီးရှားတို့နဲ့ တွေ့ဆုံဖို့ အဆိုပြုထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Nikorndej Balankura ကပြောထားပြီး အာဆီယံအဖွဲ့ဝင် ဘယ်သူမဆို ပါဝင်နိုင်တယ်လို့ ပြောလိုက်ပါတယ်။
ဒီအစည်းအဝေးကို ထိုင်းနိုင်ငံမှာ ကျင်းပနိုင်တယ်လို့လည်း သူက ဆိုပါတယ်။
မြန်မာ့အရေးဖြေရှင်းဖို့ တွေ့ဆုံဆွေးနွေးပွဲတွေဖြစ်လာဖို့ ထိုင်းနိုင်ငံက ကြားဝင်ညှိနှိုင်းပေးဖို့ အသင့်ရှိနေပြီး ထိုင်းအစိုးရရဲ့ အမျိုးသားလုံခြုံရေးကောင်စီကလည်း မြန်မာနယ်စပ်က တိုက်ပွဲတွေအခြေအနေကို အမြဲမပြတ် စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် နိုင်ငံခြားရေးဌာနကလည်း နိုင်ငံတကာနဲ့ ဆက်သွယ်ရေးကိစ္စတွေကို ဆောင်ရွက်နေတယ်လို့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဧပြီ ၂၃ ရက်နေ့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
မနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပတဲ့ ထိုင်းအစိုးရ ကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေးမှာ ထိုင်းမြေပေါ်မှာ မြန်မာအစိုးရကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို ခွင့်မပြုဖို့နဲ့ ဘယ်ဘက်ကိုမှ ခွဲခြားတဲ့ ဆက်ဆံမှုမရှိဘဲ လူအခွင့်အရေး စံနှုန်းတွေနဲ့အညီဆက်ဆံဖို့ သဘောတူခဲ့ပါတယ်။