မြန်မာ့ ကျောက်စိမ်းလုပ်ငန်း အစီရင်ခံစာ Global Witness ထုတ်ပြန်
2015.10.23

မြန်မာနိုင်ငံမြောက်ဖျားက ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖေါ်ရေး လုပ်ငန်းတွေကရရှိတဲ့ တန်ဖိုးငွေဟာ ပြီးခဲ့တဲ ၂၀၁၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံအထိ ရှိနိုင်ပြီး နောက်ကွယ်ကနေ ချုပ်ကိုင်ထားတဲ့သူတွေ ထဲမှာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ မိသားစုပိုင်ကုမ္ပဏီ၊ လက်ရှိ အစိုးရဝန်ကြီး ဦးအုန်းမြင့် ပိုင်ကုမ္ပဏီ နဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီတို့က လွှမ်းမိုးချုပ်ကိုင်ထားတယ်လို့ အင်္ဂလန်နိုင်ငံအခြေစိုက် Global Witness အဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်က မြန်မာဒိဌပြခန်းမှာ ကျင်းပတဲ့ Global Witness အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ Global Witness အဖွဲ့ အာရှဒါရိုက်တာ Mike Davis က ပြောတာဖြစ်ပါတယ်။
"ပြောရမယ်ဆိုရင် အဲဒီလုပ်ငန်းတွေမှာ အရင်က ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ မိသားစုပိုင်တဲ့ ကုမ္ပဏီနှစ်ခုရှိပါတယ်။ အဲဒီ ကုမ္ပဏီနှစ်ခုအပြင် အဲဒီကနေ ဆက်စပ်ပြီးဆင့်ပွားလာတဲ့ ကုမ္ပဏီခွဲတွေလည်း ရှိနေဦးမယ်လို့ သူတို့အနေနဲ့ သုံးသပ်ရပါတယ်" လို့ ပြောသွားတာပါ။
ဒါ့အပြင် ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA နဲ့ ပတ်သက်နေတဲ့ အရင်က ဘိန်းဘုရင်လို့ နာမည်ကြီးတဲ့ Wei Hsueh Kang ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်ပြီး ဝတပ်ဖွဲ့ကို နှစ်ပေါင်းများစွာ ငွေကြေးထောက်ပံ့နေသူလို့ သိရပါတယ်။
အဲဒီလို ကုမ္ပဏီတွေ အစိုးရထံက ဘယ်လိုလိုင်စင်တွေ လုပ်ပိုင်ခွင့်ရတယ်ဆိုတာတော့ မေးစရာဖြစ်နေကြောင်း ပြော ပါတယ်။
ကချင်ပြည်နယ်က ကျောက်စိမ်းထုတ်လုပ်မူကို ထိန်းချုပ်ထားတဲ့ အဖွဲ့အစည်း အမျိုးအစား လေးမျိုးရှိပြီး အဲဒါတွေ ကတော့ အစိုးရဆီက တရားဝင်လိုင်စင်ရထားတဲ့ ကုမ္ပဏီကြီးတွေ၊ တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်၊ ထူး၊ အေရှားဝေါ၊ ကမ္ဘောဇ စတဲ့ကုမ္ပဏီတွေနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ကုမ္ပဏီတွေဖြစ်တယ်လို့ အစီရင်ခံစာမှာ ပါရှိပါတယ်။
Global Witness အဖွဲ့ဟာ မြန်မာပြည်မြောက်ဖျားက ကျောက်စိမ်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာထုတ်ပြန်ဖို့ အချိန်တစ်နှစ်ကျော်ယူခဲ့ရပြီး မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်အပါအဝင်၊ ထူးကုမ္ပဏီ၊ ကမ္ဘောဇကုမ္ပဏီ တို့အပါအဝင် လူပေါင်း ၄၀၀ ကျော်ကို စုံစမ်းမေးမြန်းခဲ့တယ်လို့ သိရပါတယ်။
၂၀၁၄ ခုနှစ်မှာ ကျောက်စိမ်းကရရှိတဲ့ငွေ အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံဟာ Global Witness အဖွဲ့က တရုတ်နိုင်ငံရဲ့ သွင်းကုန်အချက်အလက်တွေ၊ သတ္တုတွင်းဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်လုပ်ငန်းက ဝင်ငွေအချက် အလက်ပေါ်မူတည် တွက်ချက်ထားတာဖြစ်ပြီး နိုင်ငံတော်ကို အခွန်မဆောင်ဘဲ တရားမဝင်ရောင်းချမှုတွေဟာ ဒေါ် လာသန်းရာနဲ့ချီ ရှိနိုင်တယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အလားတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ "ဝ"ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နဲ့ ပတ်သက်တဲ့သူတွေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့KIO တို့ပိုင်ဆိုင်တဲ့ ကျောက်စီမ်းကုမ္ပဏီတွေရှိနေပြီး အခုလက်ရှိ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေက အဲဒီ ကျောက်စိမ်းထုတ်လုပ်မူလုပ်ငန်းနဲ့ တိုက်ရိုက် ပတ်သက်နေတယ်လို့လည်း Global Witness အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
Globle Witness အဖွဲ့ရဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ RFA သတင်းထောက် ကိုသီဟထွန်းရဲ့ ကောက်နှုတ်တင်ပြချက်ကို နားဆင်နိုင်ပါတယ်။
တဆက်တည်းပဲ Globle Witness အဖွဲ့ရဲ့အစီရင်ခံစာနဲ့ ပတ်သက်လို့ အစိုးရသတ္တုတွင်းဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်ညွန့်သိန်းကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။