ဘဲခြံပိုင်ရှင် ထိုင်းလင်မယားကို သတ်သူ မြန်မာ နှစ်ဦး ဖမ်းမိ
2014.10.23
ထိုင်းနိုင်ငံ၊ ရတ်ချ် ဘူရီ ခရိုင်၊ ဖိုထာရမ်းမြို့မှာ ဘဲမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြသူ ထိုင်းအမျိုးသားနဲ့ မြန်မာ အမျိုးသမီး ဇနီးမောင်နှံ အသတ်ခံခဲ့ရတဲ့အမှုမှာ၊ ဘဲခြံမှာ လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား ၄ ယောက် ကျူးလွန်ခဲ့ကြတာဖြစ်ပြီး၊ အဲ့ဒီထဲက မြန်မာ အမျိုးသားနှစ်ယောက်ကို ဖမ်းမိထားကြောင်း ထိုင်း ရဲတပ်ဖွဲ့ က ကြေညာပါတယ်။
ရတ်ချ် ဘူရီ ခရိုင် ရဲအရာရှိတစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ရာမှာ အမှု နဲ့ပတ်သက်ပြီး အသက် ၂၆ နှစ် နဲ့ ၁၆ နှစ်အရွယ် မြန်မာအလုပ်သမားနှစ်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း၊ သူတို့ရဲ့ထွက်ဆိုချက်အရ ဘဲခြံပိုင်ရှင်တွေဟာ ဘဲဥရောင်းရငွေ ဘတ်ငွေ တစ်သိန်းခွဲ ရရှိထားတာသိရတဲ့အတွက် ငွေလိုချင်လို့ ကျူးလွန်ခဲ့ကြတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
သေဆုံးသူတွေဟာ အောက်တိုဘာ ၁၉ ရက်နေ့က သူတို့ရဲ့ အိပ်ခန်းထဲမှာ ဓား ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ ကြတာဖြစ်ပြီး၊ ဘတ်ငွေ တစ်သိန်းခွဲနဲ့ ဆိုင်ကယ်တစ်စီး ပျောက်ဆုံးခဲ့ပါတယ်။
ကျူးလွန်သူ လေးယောက်ဟာ ပိုင်ရှင်ရဲ့ ဆိုင်ကယ်နဲ့ ထွက်ပြေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ညနေပိုင်းမှာ အဲ့ဒီဆိုင်ကယ်ကို ဓါတ်ဆီဆိုင်တစ်ဆိုင်မှာ ရပ်ထားခဲ့ပြီး၊ ငှားရမ်းထားတဲ့ ကားတစ်စီးနဲ့ ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီကို သွားခဲ့ကြပါတယ်။ အဲ့ဒီမှာ လူချင်းခွဲကြပြီး၊ ဘန်ကောက်ကို ထွက်ပြေးသူနှစ်ဦးက အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
ကျန်တဲ့နှစ်ယောက်ကတော့ မနေ့ကအထိ လွတ်မြောက်နေဆဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။