မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေ များအသင်း ဖွဲ့စည်း
2016.01.23

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေး အမှန်တကယ်ရရှိနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရှေ့နေ တစ်ရာကျော် တက်ရောက်တဲ့ ညီလာခံကနေ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းကို ဖွဲ့စည်းလိုက်ပါတယ်။
နေပြည်တော် Kempinski ဟိုတယ်မှာ ဇန်နဝါရီလ ၁၉ ရက်နေ့က စတင်ကျင်းပတဲ့ ရှေ့နေညီလာခံကနေ ဖွဲ့စည်းလိုက်တာဖြစ်ကြောင်း အသင်းဥက္ကဌ ရှေ့နေ ဦးစိန်ဝင်းချမ်းက ပြောပါတယ်။
"ဒီလုပ်ငန်းစဉ်တွေ လုပ်ဆဲဖြစ်နေတယ်၊ ချမှတ်ထားတဲ့ အနေအထားဘာညာကျတော့ ကျနော်တို့က ပြီးသွားတဲ့အခါကျရင် ပြန်ကြားရေးကနေပြီး သတင်းထုတ်ပြန်ပေးပါ့မယ်၊ လက်ရှိအနေအထားအရတော့ ကျနော်တို့က ဖွဲ့စည်းတဲ့အကြောင်းရယ်၊ ကျနော်တို့ တွေ့ဆုံတဲ့အစည်းအဝေးအကြောင်းလောက်ပဲ ကျနော်တို့က ပြောနိုင်ပါတယ်၊ လောလောဆယ်တော့ ကျနော်တို့က ရှေ့လုပ်ငန်းစဉ်အတွက်ပါ ဆုံးဖြတ်နိုင် တဲ့အနေအထားမျိုး မရှိသေးဘူး၊ ဘာကြောင့်မို့လို့ ဖွဲ့လိုက်တာလဲဆိုတာက တရားဥပဒေစိုးမိုးရေးအတွက်ကို လိုအပ်လို့ ကျနော်တို့ ဖွဲ့ခဲ့ရခြင်းဖြစ်ပါတယ်"
လွတ်လပ်သောရှေ့နေများအသင်းကို ဗဟိုအလုပ်အမှုဆောင် ၁၅ ဦးနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပြီး တစ်နိုင်ငံလုံးမှာ အသင်းဝင် နှစ်ထောင်ကျော်လောက် ရှိမယ်လို့လည်း သိရပါတယ်။
အသင်းရဲ့ ဥက္ကဌအဖြစ် ဦးစိန်ဝင်းချမ်း၊ ဒု- ဥက္ကဌ ဦးနေလ၊ အထွေထွေအတွင်းရေးမှူး ဦးသိန်းသန်းဦး တို့ဖြစ်ပြီး သတင်းပြန်ကြားရေး တာဝန်ခံအဖြစ် ဦးကိုနီတို့ ဖြစ်ကြပါတယ်။
မကြာခင်ရက်ပိုင်းအတွင်းမှာ အသင်းအဖွဲ့အနေနဲ့ ရပ်တည်နိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနမှာ မှတ်ပုံတင်သွားမယ်လို့ သိရပါတယ်။
အသင်းဖွဲ့စည်းနိုင်ဖို့ စတင်အစည်းအဝေးလုပ်တဲ့ ဇန်နဝါရီလ ၁၉ ရက်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပါတယ်။
အဲဒီ ရှေ့နေများ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်း (မိထ္တီလာ) ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။