မြန်မာနိုင်ငံ သတင်းမီဒီယာ လွတ်လပ်မှု ကျဆင်း
2015.12.03

မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ ၂၀၁၀ ပြည့်နှစ်က စတင်ရရှိခဲ့တဲ့ လွတ်လပ်မှုအခြေအနေဟာ ၂၀၁၄- ၂၀၁၅ မှာ တစတစ နောက်ပြန်လျှောကျဆင်းသွားခဲ့တယ်လို့ အမေရိကန်အခြေစိုက် PEN American Center က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။
လွတ်လပ်စွာဖေါ်ပြခွင့်အတွက် အားပေးနေတဲ့ PEN American Center ရဲ့ ကြာသပတေးနေ့ ညနေပိုင်းက ထုတ်ပြန်လိုက်တဲ့ မပြီးမပြည့်စုံသေးသော လွတ်လပ်ခြင်း မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့်ဆိုင်ရာ အလားအလာများနှင့် သုံးသပ်တင်ပြချက်များဆိုတဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတာပါ။
ပြုပြင်ပြောင်းလဲမှုတွေစတင်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ကစလို့ လ္ဘက်ရည်ဆိုင်တွေနဲ့ အင်တာနက်အွန်လိုင်းမှာ ပွင့်ပွင့်လင်းလင်း ဝေဖန်ဆွေးနွေးငြင်းခုန်တာ၊ ကန့်ကွက်ဆန္ဒပြတာ၊ ကွန်ရက်ချိတ်ဆက်ဆောင်ရွက်တာ၊ ဂျာနယ်၊ စာစောင်၊ အင်တာနက် စာမျက်နှာသစ်တွေ ထူထောင်လာနိုင်တာ၊ ဓါတ်ပုံ၊ ဗီဒီယိုတွေ၊ သရော်စာတွေ ဖန်တီးလာနိုင် တာစတဲ့ နှစ်ပေါင်းများစွာ ကွယ်ပျောက်နေခဲ့တဲ့ လွတ်လပ်စွာ ပြောဆိုဖေါ်ပြခွင့်ကို ပြည်သူတွေ ပြန်ရခဲ့ကြောင်း၊ အိမ်တိုင်း လျှပ်စီးမီးရရှိတဲ့ အိမ်ခြေအရေအတွက်ထက် မိုဘိုင်းဖုန်းကိုင်ထားသူအရေအတွက်က ပိုများလာခဲ့ကြောင်း၊ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂ နှစ်ကစပြီး သတင်းလွတ်လပ်ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်နဲ့ ဒစ်ဂျစ်တယ် အင်တာနက် အခွင့်အရေး ဆိုင်ရာ ကဏ္ဍတွေမှာ ချိုးဖေါက်မှုတွေ တိုးပွားလာခဲ့ကြောင်း၊ မီဒီယာအပေါ်ထိန်းချုပ်ဖို့ လိုတာထက်ပိုပြီးအင်အား သုံးတာ၊ ရွေးကောက်ပွဲအကြိုကာလ ဒီမိုကရေစီအင်အားစုတွေနဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို အမြဲမဟုတ်ပေ မဲ့ ဖြစ်ပွားတိုင်း ပြင်းပြင်းထန်ထန် ဖြိုခွင်းတတ်တာကိုကြည့်ရင် စစ်တပ်ရဲ့ချုပ်ကိုင်မှုဟာ မြန်မာ့လူအဖွဲ့အစည်းအတွင်း နက်နက်ရှိုင်းရှိုင်းရှိနေသေးတာကို တွေ့နိုင်ကြောင်းစတာတွေ ဖေါ်ပြထားပါတယ်။
ဒါ့ပြင် လွတ်လပ်စွာဖေါ်ပြခွင့် ရှင်သန်နိုင်ရေးအတွက် အစိုးရသစ်အနေနဲက ဆောင်ရွက်သင့်တာတွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီသင့်တာတွေကိုလည်း ဖေါ်ပြထားပါတယ်။