ယာဉ်တိမ်းမှောက်မှုကြောင့် မြန်မာလုပ်သား ၁၀ ဦး သေဆုံး


2018.10.21
car-fire-thai-622.jpg ထိုင်းနိုင်ငံ ဘန်ကောက်ကနေ မဲဆောက်ကို ၂ဝ၁၈ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က မောင်းနှင်လာတဲ့ မှန်လုံယာဉ်တစ်စီး တိမ်းမှောက်တာကြောင့် သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို တွေ့ရစဉ်
Photo: LA-Thailand

ထိုင်းနိုင်ငံ ဘန်ကောက်ကနေ မဲဆောက်ကို ဒီနေ့မနက်က မောင်းနှင်လာတဲ့ မှန်လုံယာဉ်တစ်စီး တိမ်းမှောက် တာကြောင့် မြန်မာအလုပ်သမား ၁၀ ဦးနဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်း တစ်ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ကားက အရှိန်လွန်ပြီး သစ်ပင်ကို ဝင်တိုက်မိပြီးနောက် ကားမီးလောင်ခဲ့တာလို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ သိရပါတယ်။ အဲဒီယာဉ်ပေါ်မှာ မြန်မာအလုပ်သမား ၁၅ ဦး လိုက်ပါလာပြီး ၅ ဦးကတော့ ဆေးရုံမှာ အရေးပေါ် ကုသမှုခံယူနေရတယ်လို့ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောပါတယ်။

သေဆုံးသွားတဲ့ မြန်မာအလုပ်သမားတွေရဲ့ အချက်အလက်တွေက မီးလောင်တဲ့အထဲ ပါသွားတာကြောင့် မိသားစုဝင်တွေနဲ့ ဆက်သွယ်နိုင်ဖို့ ခက်ခဲနေဆဲဖြစ်ပြီး လက်ရှိမှာတော့ စုံစမ်းနေဆဲပဲလို့ ပြောပါတယ်။

အခုချိန်မှာတော့ ရဲစခန်းမှာ အမှုဖွင့်ထားပြီး ရဲတပ်ဖွဲ့ကလည်း ယာဉ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို စုံစမ်းစစ်ဆေးနေတယ်လို့ ဦးစန်းမောင်ဦးက ပြောပါတယ်။

အဲဒီမြန်မာအလုပ်သမားတွေဟာ သီတင်းကျွတ်ကာလ အလုပ်ပိတ်ရက် အိမ်ပြန်လာကြတာလို့ သိရပါတယ်။

ဒီနှစ်အတွင်း ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေ လိုက်ပါလာတဲ့ ယာဉ်မတော်တဆမှု ၅ မှုဖြစ်ခဲ့ပြီး မြန်မာအလုပ်သမား ၄၀ ကျော် သေဆုံးခဲ့တယ်လို့ မြန်မာသံရုံးရဲ့ အချက်အလက်တွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။