ထိုင်းမှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူ ၂ ယောက် အချက်အလက်မရသေး
2018.10.24

ထိုင်းနိုင်ငံမှာ ယာဉ်မတော်တဆဖြစ်ပြီး မီးလောင်သေဆုံးသွားတဲ့ မြန်မာအလုပ်သမားတွေထဲက ၂ ယောက်နဲ့ အရေးပေါ်ဆေးကုနေရသူတွေထဲက ၂ ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်လက် မရသေးသလို မိသားစုနဲ့လည်း အဆက်သွယ်မရသေးဘူးလို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ သိရပါတယ်။
ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသူ ၅ ယောက်ထဲက ၂ ယောက်ရဲ့ အချက်အလက်တွေကို မသိရသေးတာလည်း ဖြစ်ပါတယ်။
ကျန်တဲ့အလုပ်သမားတွေကတော့ ခယ်ကွန်းလျှပ်စစ်ကုမ္ပဏီနဲ့ Thai Food စက်ရုံက အလုပ်သမားတွေဖြစ်တယ်လို့ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောပါတယ်။
အဲဒီယာဉ်မတော်တဆမှုမှာ သေဆုံးခဲ့သူတွေဟာ မီးလောင်ခံခဲ့ရတာကြောင့် ဘယ်သူဆိုတာကို သိနိုင်ဖို့ မျိုးရိုးဗီဇကို စစ်ဆေးပြီးမှ သြင်္ဂိုဟ်မယ်လို့လည်း သိရပါတယ်။
အဲဒီအလုပ်သမားတွေအတွက် ကားအာမခံနဲ့ လူမှုဖူလုံရေးအာမခံတွေရအောင် မြန်မာသံရုံးကနေ ဆက်ကူညီပေး သွားမယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ အလုပ်လုပ်ပြီး မြန်မာနိုင်ငံကိုပြန်လာတဲ့ မြန်မာအလုပ်သမား ၁၅ ယောက်စီးလာတဲ့ကားဟာ ဘန်ကောက်-မဲဆောက်အဝေးပြေးလမ်းမှာ သစ်ပင်ကို ဝင်တိုက်ပြီး ကားမီးလောင်ခဲ့တာပါ။
အဲဒီယာဉ်မတေ်ာတဆမှုမှာ ထိုင်းနိုင်ငံသား ယာဉ်မောင်းအပါအဝင် မြန်မာအလုပ်သမား ၁၀ ယောက် သေဆုံးပြီး ၅ ယောက်ကတော့ ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူနေရတာဖြစ်ပါတယ်။