တရုတ်ပြည်ရောက် မြန်မာအလုပ်သမားတွေ လွယ်ဂျယ်ဂိတ်ကနေ ပြန်ဝင်လာ
2020.04.17
တရုတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ကချင်ပြည်နယ် လွယ်ဂျယ်နယ်စပ်ဂိတ်ကနေ တစ်သောင်းခွဲလောက် ပြန်ဝင်လာမယ်လို့ သိရပြီး လောလောဆယ်တော့ တစ်ရက်ကို အယောက် နှစ်ရာနှုန်းနဲ့ ပြန်ဝင်လာနေကြပါတယ်။
ဧပြီလ ၁၆ ရက်နေ့ မနေ့က ပထမဆုံးအသုတ်အနေနဲ့ ဝင်ရောက်လာကြတာဖြစ်ပြီး မနေ့ည ၇ နာရီခန့် အချိန်အထိ ၁၂၆ ဦး ဝင်ရောက်လာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူများလာချိန်မှာပဲ သူတို့ဟာ မိသားစုနဲ့အတူနေချင်လို့ လုပ်ငန်းရှင်နဲ့ အတိုက်အခံလုပ်ပြီး ပြန်လာကြတာလို့ ကြံစိုက်ခင်းမှာ လုပ်ကိုင်ခဲ့သူ မအေးအေးမွန်းက ပြောပါတယ်။
ပြန်ချင်ပေမယ့် မပြန်နိုင်သူတွေ ကြံစိုက်ခင်းမှာ ရှိနေသေးတယ်လို့လည်း မအေးအေးမွန်က ပြောပါတယ်။ တခြားအသီးအနှံစိုက်ပျိုးရေးလုပ်ငန်းတွေမှာ လုပ်ကိုင်သူလည်း အများအပြားရှိပြီး သူတို့ဟာ ကိုယ့်သဘော ကိုယ့်စရိတ်နဲ့ ယူနန်ပြည်နယ်ကနေ ပြန်လာကြတဲ့သူတွေပါ။
မြန်မာနိုင်ငံမှာ ကိုရိုနာရောဂါပိုးတွေ့ရှိခဲ့ပြီးတဲ့နောက် နယ်စပ်ဂိတ်တွေကို ပိတ်တော့မယ်ဆိုလို့ ပြန်လာတာ ဖြစ်ကြောင်း ကြံစိုက်ခင်းမှာ လုပ်ကိုင်ခဲ့သူ ဒေါ်ရီရီစိန် က ပြောပါတယ်။
သူတို့နှစ်ဦးစလုံးဟာ မိုးညှင်းခရိုင် ဟိုပင်မြို့နယ်ကနေ တရုတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ခဲ့ကြသူတွေဖြစ်ပါတယ်။
ပြန်လာသူကြသူတွေဟာ ရောဂါကာကွယ်ရေးအတွက် လွယ်ဂျယ်ဂိတ်ကနေ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် ကုန်တင်ကုန်ချစခန်းမှာ ကျန်းမာရေးစိစစ်ပြီးတာနဲ့ စောင့်ကြည့်ရေးစခန်းဝင်ရမှာဖြစ်တယ်လို့ ပြည်နယ်လူမှုရေး ဝန်ကြီး ဦးနေဝင်း က ပြောပါတယ်။
အစိုးရအနေနဲ့ ပြန်လာတဲ့သူတွေအတွက် စီစဉ်ဆောင်ရွက်တဲ့နေရာမှာ အားနည်းချက်တွေရှိနေတယ်လို့လည်း ဝေဖန်သူတချို့ ရှိပါတယ်။
ကချင်ပြည်နယ်ပြင်ပက ပြန်လာသူတွေဟာ လွယ်ဂျယ်မှာ ၂၁ ရက် စောင့်ကြည့်ရေးစခန်းဝင်ပြီးမှပဲ သူတို့မြို့နယ် တွေကို ပြန်ကြရမှာပါ။
မြစ်ကြီးနားမြို့ကို ပြန်လာသူတွေက ကျန်းမာရေးစိစစ်ပြီးတာနဲ့ အစိုးရကစီစဉ်ထားတဲ့ သားဖွားသင်တန်းကျောင်း၊ သူနာပြုသင်တန်းကျောင်း၊ မြစ်ကြီးနားတက္ကသိုလ်၊ နယ်စပ်ဒေသသင်တန်းကျောင်းနဲ့ မြစ်ကြီးနားပညာရေး ကောလိပ်က စောင့်ကြည့်ရေးစခန်းတွေမှာ ၁၄ ရက်နေရမှာပါ။
ကျန်တဲ့မြို့နယ်ကသူတွေကတော့ မြစ်ကြီးနားမှာ ကျန်းမာရေးစိစစ်ပြီးတာနဲ့ သက်ဆိုင်ရာမြို့နယ်အလိုက် အစိုးရစီစဉ်မှုနဲ့ ကိုယ့်နေရပ်က စောင့်ကြည့်ရေးစခန်းတွေမှာ ၁၄ ရက်တာ စခန်းဝင်ရမှာဖြစ်ပါတယ်။