မလေးရှားရောက် မြန်မာနိုင်ငံသား ၁၇၃ ဦး နေရပ်ပြန်
2020.08.26
ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း မလေးရှားနိုင်ငံမှာ ဒုက္ခရောက်နေကြတဲ့ မြန်မာအလုပ်သမားတွေထဲက ၁ဝဝ ကျော် မနေ့က နေရပ်ပြန်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အလုပ်လုပ်ခွင့် သက်တမ်းကျော်ပြီး ဒဏ်ကြေးမဆောင် နိုင်လို့ မလေးရှားထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံနေရသူတွေလည်း ရှိနေပါတယ်။
နေရပ်ပြန်လိုတဲ့ မြန်မာအလုပ်သမားတွေထဲက ၁၇၃ ဦးကို မြန်မာအစိုးရရဲ့ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ သြဂုတ်လ ၂၆ ရက် ဗုဒ္ဓဟူးနေ့က ပြန်ပို့ပေးခဲ့တယ်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်း က ပြောပါတယ်။
“ဗီဇာကုန်တဲ့ အလုပ်သမားကတော့ အများဆုံးပေါ့နော်။ ကျန်မားရေးအခြေအနေကြောင့် နေရပ်ပြန်တဲ့ အလုပ်သမားတွေပါတယ်။ နောက်တခုကတော့ ကိုယ်ဝန်သည်တွေ ပါတာပေါ့နော်”
မေလ ၈ ရက်နေ့ကစလို့ အစိုးရကယ်ဆယ်ရေးလေယာဉ်တွေနဲ့ နေရပ်ပြန်နေတဲ့ မြန်မာအလုပ်သမား အခုဆိုရင် ၂ဝ၄၉ ဦး ရှိသွားပြီလို့လည်း ဦးအောင်ဇော်မင်း က ပြောပါတယ်။ မြန်မာနိုင်ငံ ပြန်ချင်ပေမဲ့ မပြန်နိုင်ဘဲ ဒုက္ခရောက်နေတဲ့ အလုပ်သမားတွေလည်း တော်တော်များများ ရှိနေတယ်လို့ ဆိုပါတယ်။
အလုပ်လုပ်ခွင့်သက်တမ်းကုန်တဲ့ မြန်မာအလုပ်သမားတွေကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ အစိုးရက ပြန် ခေါ်နေတယ်ဆိုပေမဲ့ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနမှာ မြန်မာနိုင်ငံ ပြန်ကြောင်း အထွက်စာရင်းပြဖို့ ဒဏ်ငွေ မလေးရှားရင်းဂစ် ၃၁ဝဝ ပေးဆောင်ရပါတယ်။ အဲ့ဒီနောက် မလေးရှားလူဝင်မှုကြီးကြပ်ရေးက ထုတ်ပေးတဲ့ အထူးဖြတ်သန်းခွင့် စာရွက်စာတမ်းတွေကို မြန်မာသံရုံးကို ပေးပို့ပြီး ကယ်ဆယ်ရေးလေယာဉ် တွေနဲ့ လိုက်ပါခွင့်ရတာဖြစ်ပါတယ်။
ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်း မလေးရှားနိုင်ငံမှာ အလုပ်အကိုင်တွေ ရပ်နားထားချိန် အလုပ်လက်မဲ့ဖြစ်ကြ သူတွေလည်းရှိသလို၊ အလုပ်လုပ်ခွင့် သက်တမ်း ကုန်ဆုံးသွားသူတွေလည်း ရှိပါတယ်။ ဒါကြောင့် စားဝတ် နေရေး အခက်အခဲအပြင် မလေးရှားအာဏာပိုင်တွေရဲ့ အဖမ်းအဆီး မခံရအောင်လည်း ရှောင်တိမ်းရတာပါ။
မလေးရှားနိုင်ငံထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမားတွေ နေရပ်ပြန်နိုင်ရေး ကူညီပေး နေတဲ့ ဦးသီဟမောင်မောင် ကတော့ - မလေးရှားအစိုးရ ခွင့်ပြုမှ ပြန်နိုင်တာမို့ အဆင်မပြေသေးဘူးလို့ ပြောပါတယ်။
“အစိုးရချင်း ညှိနှိုင်းတယ်ဆိုတာက ဒဏ်ကြေးသက်သက်သာသာနဲ့ ပြန်လို့ရအောင် ညှိနှိုင်းတာပါ။ အခုလက်ရှိ အနေအထားမျိုးမှာ မလေးရှားအစိုးရက သတ်မှတ်ထားတာ ၃၁ဝဝ နဲ့ ပြန်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါ ဒဏ်ကြေးပဲရှိသေးတယ်။ လေယာဉ်လက်မှတ်ခတွေ မပါသေးဘူး။ ဒါတွေ အကုန်ပေးဆောင်နိုင်တဲ့သူဆိုတာက ၁ဝဝ မှာ ၁ ယောက်လောက်ပဲ ရှိလိမ့်မယ်”
အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးပြီး ကျော်လွန်နေထိုင်သူတွေအနေနဲ့ ၂ဝ၁၉ သြဂုတ်လကနေ ဒီဇင်ဘာလအတွင်း ပြန်ကြဖို့ မလေးရှားအစိုးရက ခွင့်ပြုထားပြီး၊ ဒဏ်ငွေ မလေးရှားရင်းဂစ် အနိမ့်ဆုံး ၇ဝဝ ကနေ အမြင့်ဆုံး ၃၁ဝဝ ပေးဆောင်ဖို့ မလေးရှားလူဝန်မှုကြီးကြပ်ရေးဌာနက တရားဝင် ကြေညာခဲ့တာပါ။
အဲ့ဒီသတ်မှတ်ချိန်ကာလအတွင်း မပြန်တဲ့သူတွေအနေနဲ့ တည်ဆဲဥပဒေအရ ရင်းဂစ် ၃၁ဝဝ အထိ ပေးဆောင်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့မှာ ထပ်မံ ကြေညာခဲ့တာလို့ ဦးသီဟမောင်မောင် က ပြောပါတယ်။
လာမဲ့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ နောက်ထပ် မြန်မာနိုင်ငံသား ၁၆၅ ယောက်ကို ၁၃ ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည်ပို့ဆောင်ဖို့ ရှိတယ်လို့လည်း မြန်မာသံရုံးရဲ့ Facebook မှာ သြဂုတ်လ ၂၄ ရက်နေ့က ဖော်ပြထားပါတယ်။
မလေးရှားနိုင်ငံမှာ တရားဝင် မြန်မာနိုင်ငံသား ၃ သိန်းလောက် အလုပ်လုပ်ကိုင်နေပြီး၊ တရားမဝင် မြန်မာအလုပ်သမား ၂ သိန်းခွဲနဲ့ဆိုရင် အားလုံး ၅ သိန်းခွဲလောက် ရှိမယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ခန့်မှန်းထားပါတယ်။