မြန်မာစစ်တပ်ကို ထပ်တိုးအရေးယူဖို့ ဩစတြေးလျကို အဖွဲ့အစည်းလေးရာကျော် တောင်းဆို
2023.11.05

မြန်မာစစ်တပ်ကို ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှု အသစ်တွေချမှတ်ဖို့ ဩစတြေးလျအစိုးရကို အရပ်ဘက် အဖွဲ့အစည်းလေးရာကျော်က တောင်းဆိုလိုက်ပါတယ်။
ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Penny Wong ကို အရပ်ဘက် အဖွဲ့တွေက နိုဝင်ဘာ ၂ ရက်နေ့က အိတ်ဖွင့် ပေးစာပေးပို့ တောင်းဆိုလိုက်တာလို့ Myanmar Campaign Network က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို မျက်ကွယ်ပြုပြီး သြစတြေးလျက ရင်းနှီးမြှုပ်နှံသူတွေဟာ စီးပွားရေး လုပ်နေတာကြောင့် မြန်မာစစ်တပ်နဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကူညီပေးနေကြောင်း Transparency International Australia ရဲ့ CEO Clancy Moore က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ဒါကြောင့် အမေရိကန်၊ ကနေဒါနဲ့ ယူကေတို့က ပိတ်ဆို့အရေးယူတာတွေလုပ်နေသလို သြစတြေးလျနိုင်ငံကလည်း လုပ်ရမှာဖြစ်ပြီး မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မြန်မာ့သတ္တုတွင်းလုပ်ငန်း (၁) နဲ့ (၂) တို့ကို ပိတ်ဆို့အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။
နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေ၊ ဘဏ်တွေ၊ လက်နက်ထုတ်လုပ်သူတွေ၊ လေကြောင်းထောက်ပံ့ရေး ကွင်းဆက်တွေ၊ စစ်ခေါင်းဆောင်တွေနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အပါအဝင် ထိပ်သီးပစ်မှတ်တွေကို အရေးယူ ပေးဖို့ အရပ်ဘက်အဖွဲ့တွေက တောင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စတွေ ပိုမိုဆိုးရွားလာတာကြောင့် ပိတ်ဆို့အရေးယူတာတွေလုပ်ဖို့ဟာ အရေးတကြီး လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။
ဒီတောင်းဆိုချက်တွေကို မြန်မာနဲ့ ထိုင်းနိုင်ငံအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေအပါအဝင် သြစတြေးလျ၊ အမေရိကန်၊ ကနေဒါ၊ ယူကေစတဲ့ နိုင်ငံတွေက အဖွဲ့အစည်း လေးရာကျော်က တောင်းဆိုထားတာဖြစ်ပါတယ်။