ကန်အစိုးရ ပိတ်ဆို့ဒဏ်ခတ်အရေးယူရာမှာ မြန်မာ စစ်ဗိုလ်ချုပ်တစ်ဦး ပါဝင်
2017.12.21

ကမ္ဘာတဝှမ်း လူ့အခွင့်အရေးချိုးဖောက်မှု၊ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်အရေးယူလိုက်တဲ့ လူပုဂ္ဂိုလ် ၅၂ ဦးထဲမှာ မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်တစ်ဦးလည်း ပါဝင်ခဲ့ပါတယ်။
ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ရိုဟင်ဂျာ ခေါ် မွတ်စလင်တွေအပေါ် အင်အားအလွန်အကျွံသုံးစွဲ သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ အဓမ္မကျူးလွန်မှု၊ ဖမ်းဆီးရိုက်နှက်မှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ခိုင်လုံ ထင်ရှားတဲ့အတွက်၊ ဒီလုပ်ရပ်တွေမှာတာဝန်ရှိသူအဖြစ် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး ကို ထည့်သွင်းလိုက်ကြောင်း သမ္မတ အိမ်ဖြူတော်က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
ဗိုလ်ချုပ်မောင်မောင်စိုးဟာ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းကစလို့ ARSA အစွန်းရောက် အဖွဲ့တွေကို လိုက်လံရှင်းလင်းတဲ့ စစ်ဆင်ရေးတွေမှာ ကြီးကြပ်တာဝန်ယူခဲ့သူ ဖြစ်တယ်လို့လည်း ဖေါ်ပြပါတယ်။ အဲဒီ နယ်မြေရှင်းလင်းစဉ်အတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်သားတွေဟာ မွတ်စလင်ကျေးရွာတွေကို ဝင်ရောက်ပြီး ပစ်ခတ်သတ်ဖြတ်၊ အဓမ္မပြုကျင့်၊ မီးရှို့တာတွေ ကျူးလွန်ခဲ့ကြတယ်လို့ ကိုယ်တွေ့ကြုံခဲ့ရသူတွေ ပြော ဆိုကြကြောင်းလည်း ဖော်ပြထားပါတယ်။
အဲဒီ ပိတ်ဆို့ခံစာရင်းမှာ ထည့်သွင်းခံရသူတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ပိုင်ဆိုင်မှုတွေရှိရင် ထိန်းချုပ်ခံ ရမှာဖြစ်သလို အမေရိကန်နဲ့ စီးပွားရေးရေးလုပ်ငန်းတွေ လုပ်ခွင့်လည်းမရှိပါဘူး။
အမေရိကန်အစိုးရက ပစ်မှတ်ထား ပိတ်ဆို့အရေးယူတဲ့ စာရင်းမထွက်ခင် ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အနောက်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးကို တာဝန်ကနေ ရုတ်တရက်ဖယ်ရှားလိုက်ပြီး ဗိုလ်မှူးချုပ် စိုးတင့်နိုင်ကို အစားထိုး ခန့်အပ်ခဲ့ပါတယ်။