ယုံကြည်မှု စတင် တည်ဆောက်ဖို့ အမေရိကန်ကို မြန်မာပြော

မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်ဖို့ဆိုရင် ‘Burma’ ဆိုတဲ့ အခေါ်အဝေါ် အစား နိုင်ငံရဲ့ တရားဝင် နာမည်ဖြစ်တဲ့ ‘မြန်မာ’ ကို သုံးစွဲတာမျိုးက အစ ယုံကြည်မှု တည်ဆောက်ကြဖို့ လိုမယ်လို့ မြန်မာဘက်က ပြောဆိုခဲ့ကြောင်း သိရပါတယ်။

2011.05.22
us_asean_flags_305_z.jpg အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများ၏ အစည်းအဝေးတခုတွင် တက်ရောက်သော နိုင်ငံများအား ကိုယ်စားပြုသည့် အလံများ စိုက်ထူထားပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

အမေရိကန် အာရှ- ပစိဖိတ်ဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက်ယွန် နဲ့ တွေ့ဆုံရာမှာ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အဲဒီလို ပြောဆိုခဲ့တာဖြစ်ကြောင်း အစိုးရ ထုတ်ပြန်ချက်ကို ကိုးကားပြီး ပြည်တွင်းထုတ် မြန်မာတိုင်းမ် ဂျာနယ်က ရေးသားလိုက်တာ ဖြစ်ပါတယ်။

နှစ်နိုင်ငံဆက်ဆံရေး တိုးတက် ကောင်းမွန်လာရေးမှာ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့ထားမှုက အကြီးမားဆုံး အဟန့်အတားကြီး ဖြစ်နေကြောင်း၊ နှစ်ဘက်ဆက်ဆံရေးမှာ ကြိုတင် သတ်မှတ်ချက်တွေကို မြန်မာဘက်က လက်ခံမှာ မဟုတ်ကြောင်း၊ ပထမဆုံးအနေနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ လိုကြောင်း၊ ဒါမှသာ နှစ်ဦးနှစ်ဘက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်မှာဖြစ်ကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ပြင် နှစ်နိုင်ငံ အပြန်အလှန် လေးစားကြောင်း ပြသဖို့အတွက် မြန်မာနိုင်ငံရဲ့ လက်ရှိ တရားဝင်နာမည် ဖြစ်တဲ့ ‘မြန်မာ’ ဆိုတဲ့အမည်ကို သုံးစွဲဖို့လည်း မြန်မာဘက်က တိုက်တွန်းခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းက အခုလို ပြောပါတယ်။

‘တချို့ကတော့ အရင်တုန်းက ခေါ်တဲ့ ‘Burma’ ကို အမှတ်တမဲ့ သဘောပဲဖြစ်ဖြစ်၊ ရည်ရွယ်ချက်နဲ့ပဲ ဖြစ်ဖြစ် ခေါ်ကြပြောကြတဲ့ သဘောမျိုး ရှိတာပေါ့။ လူတွေ အသက်ကြီးမှ နာမည်ပြောင်းတဲ့ သဘောမျိုးပါပဲ။ ဗမာအစိုးရ အနေနဲ့ကလည်း ဒါက လက်မခံနိုင်ဘူး၊ သို့သော်လည်း အမေရိကန် အစိုးရ အနေနဲ့က ခုနက ပြောတဲ့ နိုင်ငံရေး အကျဉ်းသား ၂ ထောင်လောက်ကို အမြန်ဆုံး လွှတ်ပေးပါ ဆိုတဲ့ တောင်းဆိုချက် ရှိနေတော့ ဒီတောင်းဆိုချက်ကို ဘာမှ မဖြစ်စလောက်နဲ့ တနှစ်အောက် သဘောမျိုးသာ လွှတ်တယ်ဆိုတော့ နိုင်ငံရေးသမား မပါသလောက်ပဲ၊ ၂ ထောင်လောက်မှာ လေးဆယ် ငါးဆယ်လောက်ပဲ ပါတယ်။ ဆိုတော့ အမေရိကန်ကလည်း ဆက်ပြီးတော့ လုပ်နေကျအတိုင်းပေ့ါဗျာ၊ အရင်တုန်းက နာမည်ဟောင်းကို ပြန်ပြီး ခေါ်တဲ့သဘောမျိုးပါ’

အမေရိကန် အစိုးရကတော့ မကြာခင်ကပဲ စီးပွားရေးပိတ်ဆို့မှု သက်တမ်းကို နောက်ထပ် တနှစ် ထပ်တိုးလိုက်ပြီး၊ မြန်မာနိုင်ငံတွင်း အခြေအနေတွေ တိုးတက် ကောင်းမွန်လာမှသာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်နိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာ-အမေရိကန် ဆက်ဆံရေး အလားအလာနဲ့ ပတ်သက်ပြီး မြန်မာ သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းကို ဦးသစ်ဆင်းက ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။