ကူမင်းနိုင်ငံတကာ ကုန်စည်ပြပွဲ မြန်မာ ကုန်သည်တွေ ရောင်းကောင်း
2013.06.11
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာ ကုန်စည်ပြပွဲဟာ အရင်နှစ်တွေထက် လူစည်ကားတဲ့အပြင် အဲဒီပွဲမှာ ဝင်ရောက်ပြသရောင်းချတဲ့ မြန်မာကျောက်စိမ်းကုန်သည်တွေလဲ အားလုံးလိုလို အရင်နှစ်ကထက် ဈေးရောင်းကောင်းကြတယ်လို့ သိရပါတယ်။
အာဆီယံ ၁ဝ နိုင်ငံနဲ့အတူ တောင်အာရှနိုင်ငံတွေ ပါဝင်ပြသကြတဲ့ ကူမင်းမြို့ ၆ ကြိမ်မြောက် နိုင်ငံတကာကုန်စည်ပြပွဲမှာ မြန်မာနိုင်ငံက ကုန်သွယ်မှု မြင့်တင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆိုင်ခန်း ၃ဝ လောက်ပါဝင်ပြသကြပါတယ်။
အဲဒီအထဲမှာ ကျောက်စိမ်းကုန်သည်တွေလဲပါဝင်ပြီး အခါတိုင်းနှစ်ထက်ဒီနှစ် ပိုပြီးလူစည်ကားတယ်လို့ ပြပွဲမှာရောင်းချခဲ့တဲ့ မြန်မာကျောက်ကုန်သည် တစ်ယောက်က ပြောပါတယ်။
အဲဒီပြပွဲမှာ မြန်မာနိုင်ငံက ကျောက်စိမ်းပြခန်း အခန်း ၂ဝ လောက်ရှိပြီး မြန်မာနိုင်ငံက ကျောက်စိမ်း၊ ဆန်၊ ပဲနဲ့ သစ်နဲ့ ပတ်သက်တဲ့ လက်မှုပစ္စည်းတွေ ပြသထားတာဖြစ်ပါတယ်။ ကူမင်းကုန်စည်ပြပွဲကို နိုင်ငံပေါင်း ၂ဝ လောက်က ဇွန်လ ၆ ရက်နေ့ကနေ ဒီနေ့ ၁ဝ ရက်နေ့အထိ ပါဝင်ပြသကြတာဖြစ်ပြီး မြန်မာနိုင်ငံကလဲ နှစ်စဉ်လိုလို ပါဝင်ပြသတာဖြစ်တယ်လို့ သိရပါတယ်။