ထိုင်းမြောက်ပိုင်းမှ မြန်မာများ အတွက် ချင်းမိုင်မှာ ပတ်စပို့များ စတင်ထုတ်ပေး


2016.08.18
passport-620.jpg မြန်မာနိုင်ငံကူးလက်မှတ်ကို တွေ့ရစဉ်
Photo: RFA

ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကူးလက်မှတ် Passport ပျောက် ဆုံး ပျက်စီးမှုနဲ့ စာအုပ်သက်တမ်းတိုးဖို့အပါအဝင် ထိုင်းနိုင်ငံမှာ မွေးဖွားလာတဲ့ သားသမီးတွေအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဖွင့်လှစ်ထားတဲ့ မြန်မာကောင်စစ်ဝန်ရုံးကနေပြီး စက်နဲ့ဖတ်ရှုစစ်ဆေးနိုင်တဲ့ မြန်မာနိုင်ငံကူး လက်မှတ်တွေကို ပထမဆုံး စတင်ဆောင်ရွက်ပေးနေပြီးလို့ သိရပါတယ်။

စက်နဲ့ဖတ်ရှု စစ်ဆေးနိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ Machine Readable Passport – MRP စက်ဟာ ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ရုံးကို ဇူလိုင်လကုန်မှာရောက်ရှိလာပြီး သြဂုတ်လ ၄ ရက်နေ့ကစလို့ စတင်ဆောင် ရွက်ပေးနေကြောင်း မနေ့က ချင်းမိုင်ကောင်စစ်ဝန်ရုံးရဲ့ အင်တာနက်လူမှုစာမျက်နှာပေါ်မှာ စတင်အသိပေးလိုက် တာဖြစ်ပြီး ဒါနဲ့ပတ်သက်လို့ ချင်းမိုင် မြန်မာကောင်စစ်ဝန် ဦးကောင်းစံလွင် က RFA ကို အခုလို ပြောပါတယ်။

"ဘာတွေလုပ်လို့ရလဲဆိုတော့ ပတ်စပို့ရှိပြီးသားလူ သက်တမ်းကုန်တာ သက်တမ်းတိုးဖို့၊ နောက်စာရွက်ပေါ့နော် စာမျက်နှာကုန်သွားတာ အသစ်ထုတ်ဖို့တွေ လုပ်လို့ရပြီ နောက်တစ်ခုက ပတ်စပို့ ပျောက်သွားတယ်၊ ရေစိုပျက်စီး သွားတယ်ဆိုရင် ကျနော်တို့ဆီမှာ လာလျှောက်ထားလို့ရတယ်၊ ကျနော်တို့ကမှတဆင့် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ကိုတင် အဲ့ဒီရဲ့ ခွင့်ပြုချက်ရရင် ကျနော်တို့ ဒီမှာ ထုတ်ပေးလို့ရပြီး နောက်တစ်ခုက ပတ်စပို့ရှိ ပြီးသား မိဘနှစ်ပါးကနေ မွေးဖွားလာတဲ့ ကလေးတွေဆိုရင် ကျနော်တို့ ရုံးမှာ လာလျှောက်ထားလို့ရပြီ၊ အဓိ ကတော့ ကျနော်တို့ ရုံးဖွင့်တာကတော့ ဒီ ထိုင်းနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ မြန်မာနိုင်ငံသားတွေ လွယ်ကူအောင်ပေါ့နော် ဆိုတဲ့ ရည်ရွယ်ချက်ပါ ဒါပေမဲ့ ဘယ်မှာဖြစ်ဖြစ်ပါ မြန်မာနိုင်ငံသားတစ်ယောက် သူ ပတ်စပို့ရှိတယ်ဆိုရင် နီးစပ်ရာသံရုံးမှာ ကျနော်တို့ ရုံးမှမဟုတ် ဘယ်ရုံးဖြစ်ဖြစ် နီးတဲ့ရုံးမှာ လုပ်လို့ရပါတယ်ခင်ဗျ"

မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းတိုးတာ၊ အသစ်ထုတ်ပေးတာတွေနဲ့ စာမျက်နှာကုန်လို့ အသစ်ထုတ်လိုသူတွေ ကတော့ ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံးမှာ လာရောက်လျှောက်ထားနိုင်ပြီး ၄-၅ ရက်ခန့် လုပ်ငန်းအဆင့်ဆင့်ဆောင် ရွက်ပြီးရင် ပြန်လည်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံကူးလက်မှတ် ရေစို ပျက်စီး စုတ်ပြဲ ပျောက်ဆုံးတာတွေနဲ့ နိုင်ငံကူးလက်မှတ်ရှိတဲ့ မိခင် ဖခင်တွေရဲ့ မွေးဖွား လာတဲ့သားသမီးတွေအတွက် လာရောက်လျှောက်ထားမယ်ဆိုရင်တော့ ကောင်စစ်ဝန်ရုံးကတဆင့် မြန်မာနိုင်ငံ က မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့ထဲ့ကို တင်ပြခွင့်ပြုချက် ရယူပြီးမှ ထုတ်ပေးနိုင်မှာဖြစ်တဲ့အတွက် ရက် ၃၀ ကနေ ၄၅ ရက်အထိ ကြာမြင့်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ချင်းမိုင်မြို့မှာဖွင့်လှစ်ထားတဲ့ မြန်မာကောင်စစ်ဝန်ရုံးမှာ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်လိုတဲ့ နိုင်ငံခြား သားတွေကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် သြဂုတ်လကစလို့ ဗီဇာထုတ်ပေးမှုတွေ စတင်လုပ်ဆောင်ပေးခဲ့ ပြီး ရွှေပြောင်းမြန်မာအလုပ်သမားတွေအတွက် ခရီးသွားလက်မှတ်ထောက်ခံစာတွေ အပါအဝင် မြန်မာနိုင်ငံ သားတွေအတွက် လိုအပ်တဲ့ ထောက်ခံစာအမျိုးမျိုးကိုလည်း တာဝန်ယူဆောင်ရွက်ပေးနေတာဖြစ်ပြီး အခု လို နိုင်ငံကူးလက်မှတ်ဆောင်ရွက်ပေးတာဟာ ပထမဆုံးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။