မြန်မာနိုင်ငံရေးပါတီလေးခုနဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ တရုတ် ဖိတ်ခေါ်
2024.07.12

စစ်ကောင်စီက ပါတီထောင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီလေးခုနဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ဆိုပြီး တရုတ်ကွန်မြူနစ်ပါတီက ဖိတ်ကြားထားတယ်လို့ ဖိတ်ကြားခံရသူတွေက RFA ကို ပြောပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီနဲ့ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) ပါတီတို့ကို ဇူလိုင်လ ၂၀ ရက်နေ့က ၂၇ ရက်နေ့အထိ တရုတ်နိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားထားတာပါ။
တစ်ဖက်မှာလည်း စစ်ကောင်စီက ဖျက်သိမ်းထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ကို တရုတ်နိုင်ငံက ဆက်ဆံရေးအရာရှိခန့်အပ်ပြီး ပုံမှန်ထိတွေ့ဆက်ဆံနေပါတယ်။
ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးကတော့ တရုတ်နိုင်ငံက မြန်မာနိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍကို အာရုံစိုက်လာတာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“အဓိက ကတော့ ကျွန်တော်တို့ကို ဒီလက်ရှိ ပဋိပက္ခမှာ အခုဟာက နိုင်ငံရေးလမ်းကဖြေရှင်းဖို့ဆိုတဲ့ နောက် တစ်ခါ ပြည်တွင်းနိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍကို တရုတ်ပြည်သူ့သမ္မတနိုင်ငံကနေ အာရုံစိုက်လာတဲ့ သဘောလို့ ကျွန်တော်ကတော့ မြင်ပါတယ်”
ဒီခရီးစဉ်အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ပိုးလမ်းမစီမံကိန်းအကောင်အထည်ဖော်ရေး တရုတ်နိုင်ငံက ကျွမ်းကျင်သူတွေနဲ့ အမြင်သဘောချင်းဆွေးနွေးဖလှယ်သွားမှာဖြစ်တယ်လို့ တရုတ်ရဲ့ ဖိတ်ကြားစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီက မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၄၇ ခုရှိပြီး အဲဒီထဲက ပါတီလေးခုကို တရုတ်က ဖိတ်ကြားခဲ့တာပါ။