မွတ်စလင်ဒုက္ခသည်တွေ ပြန်ခေါ် ယူရေး ဘင်္ဂလားဒေ့ရှ် တောင်းဆို ချက် မြန်မာပယ်ချ
2014.11.10

ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒုက္ခသည်စခန်းတွေမှာရှိတဲ့ မွတ်စလင်ဒုက္ခသည်တွေကို မြန်မာနိုင်ငံဖက်က အမြန်ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် က တောင်းဆိုတာကို သမ္မတ ဦးသိန်းစိန်က ပယ်ချ လိုက်တယ်လို့ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ် က ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံ ဘီကျင်းမြို့မှာ ကျင်းပနေတဲ့ အာရှ ပစိဖိတ်ဒေသနိုင်ငံများ စီးပွားရေးပူးပေါင်းဆောင် ရွက်ရေး ထိပ်သီးညီလာခံ APEC အစည်းအဝေး မတိုင်ခင် တရုတ်အစိုးရနိုင်ငံတော် ဧည့်ရိပ်သာမှာ ဘင်္ဂလားဒေ့ရှ်သမ္မတ အဗ္ဗဒူလ်ဟာမစ်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်တို့ မနေ့က တွေ့ဆုံရာမှာ အခုလို ငြင်းဆိုခဲ့ တယ်လို့ သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးရဲထွဋ်က သူရဲ့ Facebook လူမှုရေးစာမျက်နှာမှာ ရေးသားထားပါတယ်။
သမ္မတ ၂ ဦး တွေ့ဆုံဆွေးနွေးစဉ် ဘင်္ဂလားဒေ့ရ်ှဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရောက်ရှိနေတဲ့ မြန်မာနိုင်ငံက ထွက်ခွာလာသူတွေလို့ ပြောဆိုကြသူတွေကို မြန်မာဖက်က အမြန်ပြန်လက်ခံဖို့ ဆွေးနွေးခဲ့ကြောင်း၊ ဒီအပေါ် မှာ မြန်မာနိုင်ငံအနေနဲ့ အရင်ကတည်းက နှစ်ဘက်သဘောတူထားခဲ့တဲ့ စိစစ်ရေး မူ ၄ ချက်နဲ့ စိစစ်ပြီးမှသာ လက်ခံမယ့် ရပ်တည်ချက်အရ စိစစ်အတည်ပြုပြီးသူများသာ ၎င်းတို့ဆန္ဒအတိုင်း ပြန်လာတာမျိုးဖြစ်ဖို့လိုကြောင်း၊ ဒါ့ကြောင့် စိစစ်မှုများကို စနစ်တကျမလုပ်ဘဲ အမြန်ပြန်လက်ခံဖို့ဆိုတာ မဖြစ်နိုင်ကြောင်း၊ အခိုင်အမာပြန်လည်ပြော ကြားခဲ့တယ်လို့် ဦးရဲထွဋ်က ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေအဖြစ် မှတ်ပုံတင်စာရင်းရှိထားသူနဲ့ စာရင်းမရှိသူ စုစုပေါင်း ၂ သိန်းကျော်ရှိပြီး နယ်စပ် Cox’s Bazaar မြို့အနီးက ဒုက္ခသည်စခန်းမှာတင် ဒုက္ခသည် ၃ သောင်းကျော်ရှိတယ်လို့ သိရပါတယ်။ ဒီအထဲက မြန်မာဖက်က ဒုက္ခသည်အဖြစ် ကနဦးစိစစ်ပြီးသူ ၄ ထောင်ရှိတယ်လို့ သိရပါတယ်။