မြန်မာ့ အထွေထွေအခြေအနေ ရှင်းလင်းပွဲ ဝါရှင်တန်ဒီစီမှာ ကျင်းပ
2014.11.06
မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေ၊ သတင်းနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်အပြင် ၂ဝ၁၅ ခုနှစ်အတွင်း ကျင်းပဖို့ရှိတဲ့ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတစ်ခုကို အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ အခြေစိုက် CSIS နိုင်ငံတကာလေ့လာရေးနဲ့ မဟာဗျူဟာဌာန မှာ နိုဝင်ဘာလ ၆ ရက်ညနေပိုင်းက ကျင်းပခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကို CSIS နဲ့ Pen American အဖွဲ့တို့က စီစဉ်တာဖြစ်ပြီး အမေရိကန်နိုင်ငံကို ခေတ္တရောက်ရှိ နေကြတဲ့ Pen Myanmar အဖွဲ့က စာရေးဆရာမ မသီတာ (စမ်းချောင်း) နဲ့အတူ စာရေးဆရာ ဘလော့ကာ ကိုနေဖုန်းလတ် တို့က မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားတွေကို ရှင်းလင်းခဲ့ကြပါတယ်။
ဆွေးနွေးပွဲမှာ စာရေးဆရာမ မသီတာ (စမ်းချောင်း)က မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေ တယ်ဆိုပေမဲ့၊ ဖွဲ့စည်းပုံပြင်ဆင်ဖို့ အခက်အခဲရှိနေတယ်ဆိုတာ အမေရိကန်အပါအဝင် နိုင်ငံတကာက သတိထား မိစေချင်ပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်နိုင်ဘူးဆိုရင် ဘယ်လိုပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှ ရှေ့တိုး လာ မှာ မဟုတ်ပါဘူး၊ နိုင်ငံမှာ အမျိူးသားပြန်လည်သင့်မြတ်ရေး ရအောင်လုပ်ပြီး ဖက်ဒရယ် ပြည်ထောင်စုကြီး ထူထောင်နိုင်ပြီဆိုရင် ဒီမိုကရေစီနိုင်ငံတစ်ခု ထူထောင်နိင်ပြီလို့ အစိုးရကရော၊ စစ်တပ်ကပါ ယုံကြည်ထားတယ် ဆိုပေမဲ့၊ ဖွဲ့စည်းပုံမပြင်နိုင်ရင် စစ်မှန်တဲ့ဒီမိုကရေစီ မဖြစ်လာနိုင်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။
စာရေးဆရာ ဘလော့ကာ ကိုနေဖုန်းလတ်ကလည်း မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ အများအပြားရှိနေပြီး လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်မှာလည်း ကန့်သတ်ချက်တွေ များပြားလာနေပါတယ်၊ အစိုးရက ပြဌာန်းဖို့ ကြိုးစားနေတဲ့ သတင်းမီဒီယာဥပဒေတွေထဲမှာ သတင်းသမားတွေကို ချုပ်ချယ်တဲ့၊ သတင်းလုပ်ငန်းတွေကို ကန့်သတ်တဲ့ဥပဒေတွေ အများကြီးပါဝင်နေပါတယ်၊ အခုဆိုရင် သတင်းသမားတွေကို ဖမ်းဆီးအရေးယူ၊ တရားစွဲဆိုခံနေရတာတွေ ၊ ထောင်ချအပြစ်ပေးတာတွေ ရှိနေပါတယ်၊ လတ်တလောမှာပဲ အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံလိုက်ရတဲ့ကိစ္စဟာ မြန်မာနိုင်ငံမှာ သတင်းသမားတွေရဲ့ဘဝ မလုံခြုံဘူးဆိုတာ ပြသလိုက်တာ ဖြစ်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။
ဆွေးနွေးပွဲမှာ သမ္မတ အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်ဟာ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးတွေအတွက် ဘယ်လောက် ထိထိရောက်ရောက် တွန်းအားပေးနိုင်မလဲဆိုတာလည်း ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးပွဲကို Pen American အဖွဲ့။ CSIS အဖွဲ့ရဲ့ အရှေ့တောင်အာရှဌာနခွဲက တာဝန်ရှိသူတွေ၊ မြန်မာ့အရေး စိတ်ဝင်စားတဲ့ အမေရိကန်အဖွဲ့အစည်းအသီးသီးနဲ့ ဝါရှင်တန်ခြေစိုက် အမေရိကန်သတင်းဌာနတချို့ တက်ရောက် ခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲအကြောင်းအပြည့်အစုံကို သွားရောက်သတင်းယူခဲ့တဲ့ မသင်းသီရိရဲ့ တင်ပြချက်ကို နားဆင်နိုင် ပါတယ်။