လိပ်ကျွန်းလူသတ်မှု တရာမျှတရေး ဂျပန်မှာတောင်းဆိုဆန္ဒပြ
2014.10.09

ထိုင်းနိုင်ငံ ခိုတောင်း ခေါ် လိပ်ကျွန်းက ဗြိတိန် နိုင်ငံသား ၂ ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသားတွေ ရဲ့အမှုကို တရားမျှမျှတတဖြစ်အောင် စစ်ဆေးဆောင် ရွက်ပေးဖို့အတွက် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံ သားတွေက တိုကျိုမြို့က ထိုင်းသံရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ထိုင်းအစိုးရအနေနဲ့ ဒီအမှုကို ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ ရှာဖွေဖော်ထုတ်ပြီး စစ်ဆေး အရေးယူသင့်ကြောင်း အိတ်ဖွင့်ပေးစာတစ်စောင်ကို သံရုံးအရာရှိထံ ပေးအပ်ခဲ့တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဦးမြင့်ဆွေက ပြောပါတယ်။
"ကျနော်တို့က ဒီလူတွေဟာ တကယ့်တကယ်တန်း တရားခံအစစ်ပါဆိုလို့ရှိရင် သက်သေပြပြီးတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ထိုင်းနိုင်ငံရဲ့ ထိုက်သင့်တဲ့ တရားဥပဒေနဲ့ တရားစွဲ ထောင်ချ ၊ ပြဿနာမရှိဘူး၊ တကယ်တန်း တရားခံမဟုတ်ပဲနဲ့ တရားခံကို အတင်းညှင်းပန်းနှိပ်စက်ပြီးတော့ ဝန်ခံခိုင်းဆိုလို့ရှိရင်တော့ ဒါဟာမတရားပါဘူးဆိုတာကို ကျနော်တို့က သွားတောင်းဆိုတာပါ"
ဒီဆန္ဒပြပွဲကို မြန်မာနိုင်ငံသား ၇၀ နီးပါးလောက် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
တချိန်တည်းမှာပဲ ဖမ်းဆီးခံနေရတဲ့ ဒီမြန်မာနိုင်ငံသားတွေ အရေးနဲ့ပါတ်သက်ပြီး လူအခွင့်အရေး လှုပ်ရှားသူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက မနက်ဖြန် ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့မှာ ဆန္ဒပြကြဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း နယ်စပ်ရေးရာဝန်ကြီးနဲ့ ဒီကနေ့မနက် တွေ့ဆုံခဲ့ကြောင်းနဲ့ မနက်ဖြန်ဆန္ဒပြဖို့ ခွင့်ပြုချက်ရခဲ့ကြောင်း မြန်မာ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဦးနေမျိုးဇင်က ပြောပါတယ်။
"ခိုတောင်းကျွန်း လူသတ်မှုဖြစ်စဉ်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံသားအရေးနဲ့ ပတ်သက်ပြီးတော့ ကျနော် တို့ မြန်မာတစ်နိုင်ငံလုံးက ယူကြုံးမရဖြစ်ပါတယ်၊ ခိုင်လုံတဲ့အထောက်အထားမရှိပဲနဲ့ လူသတ်တရားခံလို့ စွပ်စွဲတဲ့ ထိုင်းရဲတွေရဲ့ လုပ်ဆောင်ချက်ကိုလည်း ကန့်ကွက်ချင်ပါတယ်၊ ထိုင်းဝန်ကြီးရှိတဲ့အခိုက် ကျင်းပခွင့်ပေးပါ၊ မဖြစ်မနေကျနော်တို့ စီစဉ်ပါမယ်လို့ တင်ပြတော့ အစားထိုးအစီအစဉ်အဖြစ်နဲ့ မနက်ဖြန်မနက်ကို ကျနော်တို့ မဟာဗန္ဓုပန်းခြံနဲ့ မြို့တော်ခန်းမကြား ကွက်လပ်ကို လုပ်မယ်ဆိုရင်တော့ ခွင့်ပြုပေးမယ်လို့ အကြောင်းပြန်ပါတယ်"
ထိုင်းနိုင်ငံဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ရောက်ရှိချိန်မှာ ဒီဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားများအရေးကို ပြန်လည်စိစစ်ပေးဖို့ ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြခွင့်တောင်းဆိုချက်ကို ရန်ကုန်တိုင်း နယ်စပ်ရေးရာ ဝန်ကြီးက ငြင်းပယ်လိုက်ပြီး မဟာဗန္ဓုလပန်းခြံရှေ့မှာ ဆန္ဒပြခွင့်ပေးခဲ့တာလို့ သိရပါတယ်။
အခုလို လိပ်ကျွန်းမှာ ဗြိတိန်နို်င်ငံသားနှစ်ဦး အသတ်ခံရမှုအတွက် မြန်မာနိုင်ငံသားနှစ်ဦး ဖမ်းဆီးခံထားရမှုကို တရားဥပဒေအရ မှန်ကန်စွာစစ်ဆေးဆောင်ရွက်ပေးဖို့ ရခိုင်အမျိုးသားကွန်ရက်က မြန်မာနိုင်ငံရှိ ထိုင်းနဲ့ ဗြိတိသျှသံရုံးတို့ကို အိတ်ဖွင့်ပေးစာ ပေးပို့သွားမယ်လို့ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဌ ကိုတင်ထူးအောင်က ပြောပါတယ်။
ဒီအိတ်ဖွင့်ပေးစာကို အောက်တိုဘာလ ၁၁ ရက်နေ့မှာ ပေးပို့မှာဖြစ်ပြီး အမှုကို တရားဥပဒေနဲ့အညီ ပွင့်လင်းမြင်သာစွာဆောင်ရွက်ပေးရေး၊ ထိုင်းနိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုနည်းပါးနေတဲ့ နေရာဒေသ မှာ ဖြစ်ပွားခဲ့တဲ့ဒီအမှုအတွက် အမှန်တရားပေါ်ပေါက်ရန် အမြန်ဆုံးစစ်ဆေးဆောင်ရွက်ပေးရေးနဲ့ သက်ဆိုင်ရာ နိုင်ငံသုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ပေးရေး စတဲ့ အချက်သုံးချက်ကို တောင်းဆိုထားတယ်လို့ သိရပါတယ်။
လိပ်ကျွန်းလူသတ်မှုမှာ တရားခံအဖြစ် စွပ်စွဲခံထားရသူ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ဒေသခံတွေ ဖြစ်ကြတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီး ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကလည်း အမှုကို ကူညီဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ဒီအတောအတွင်း ထိုင်းနိုင်ငံ ခိုတောင်းကျွန်းက လူသတ်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာ လုပ်သားနှစ်ဦးဟာ တခြားနိုင်ငံမှာ မှန်ကန်တဲ့ ဥပဒေအကာအကွယ်ရရှိဖို့ အရေးတကြီးလိုအပ်တဲ့အကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF က သူတိုရဲ့ သဘောထားကို ဒီကနေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်၊ အထူးသဖြင့်တော့ စွပ်စွဲခံထားရတဲ့ မြန်မာနိုင်ငံသား လူငယ် ၂ ဦး အတွက် ဥပဒေကြောင်းအရ အပြည့်အ၀ အခွင့်အရေးရဖို့ မြန်မာအစိုးရက အပြည့်အဝဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေက RFA ကိုပြောပါတယ်၊
ဒါ့အပြင်လည်း တခြားနိုင်ငံမှာ တရားရင်ဆိုင်နေရတဲ့ မူလအကြောင်းရင်းဟာ ကိုယ့်နိုင်ငံတွင်း အလုပ်အကိုင်ရှားပါးမှု၊ လောက်ငဖူလုံတဲ့ လူနေမှုဘဝတွေကို မရတာကြောင့် အခုလို တိုင်းတပါးမှာ အလုပ် ထွက်လုပ်နေကြရတာ ဖြစ်တာကြောင်း၊ ဒါ့ကြောင့် ထိုင်းနိုင်ငံက မြန်မာသံရုံးအဖွဲ့နဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေဟာ ကိုယ့်နိုင်ငံသားတွေရဲ့အရေးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့လိုပြီး ဒါမှသာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် ကောင်းတဲ့အစဉ်အလာတစ်ခု ဖြစ်မယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်၊
တပြိုင်တည်းမှာဘဲ ထိုင်းနိုင်ငံတောင်ပိုင်း ခုတောင်းကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ယောက် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး လွတ်လပ်စွာ စုံစမ်းစစ်ဆေးပေးဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက စာရေးတောင်းဆိုလိုက်ပြီး သေဆုံးသွားကြတဲ့ ဗြိတိန်နိုင်ငံသားနှစ်ယောက်အတွက်လည်း မနေ့က သတင်းကျွတ်လပြည့်နေ့ည ၈ နာရီလောက်က ဆုတောင်းမေတ္တာပို့သပွဲ ပြုလုပ်ခဲ့ကြပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင်၊ ဗြိတိန်သံရုံးနဲ့ ထိုင်းရဲချူပ်တို့ထံ လိပ်မူပြီး ဒီလူသတ်မှုကို လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးပေးဖို့ အခုလို တောင်းဆိုရတာလို့ ဦးဆောင်ပါဝင်သူတစ်ဦးဖြစ်တဲ့ ဦးဂမ္ဘီရက ပြောပါတယ်။
ဒီတောင်းဆိုလှုပ်ရှားမှုမှာပါဝင်တဲ့ ကိုဂျော်နီကလည်း ထိုင်းအစိုးရက ကိုင်တွယ်ဖြေရှင်းနေတဲ့ ဒီအမှုနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိကြောင်း၊ ဥပဒေ၊ တရားမျှတမှုနဲ့အညီ အမှုမှန်ပေါ်ပေါက်အောင် တိတိကျကျ ပြန်လည်စုံစမ်းစစ်ဆေးပေးဖို့လိုကြောင်း ပြောပါတယ်။ ဒီတောင်းဆိုမှုအပေါ် ထိုင်းအစိုးရအနေနဲ့ လိုက်လျောဖြေရှင်းပေးမှုမရှိဘူးဆိုရင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေထံ လက်မှတ်ကောက်ယူပြီး အမှုမှန်ပေါ်ပေါက်လာတဲ့အထိ လှုပ်ရှားမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း ဦးဂမ္ဘီရက ပြောပါတယ်။