ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေ တဲ့ မြန်မာနိုင်ငံ တိုးတက်ဖို့ အလားအလာရှိ

ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့အတွက် မြန်မာနိုင်ငံ ဟာ တိုးတက်ဖို့ အလားအလာ များစွာရှိပါတယ်လို့ ကမ္ဘာ့ဘဏ် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုတိယ ဥက္ကဌ Axel van Trosenburg က မနေ့က ပြောကြားခဲ့ပါတယ်။

2013.02.15
shan_1_305 ကမ္ဘာ့ဘဏ်အကူအညီနဲ့ ရှမ်းပြည်နယ် လူထုအခြေပြုဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်မယ့်မြို့နယ်များကို ရွေးချယ်အကြံပြုတဲ့ အခမ်းအနားတစ်ခုကို ဖေဖော်ဝါရီလ ၁၄ ရက်က တောင်ကြီးမြို့၊ မြို့တော်ခန်းမမှာ ကျင်းပခဲ့စဉ်
Photo: RFA

ဒီအတောအတွင်းမှာပဲ ကမ္ဘာ့ဘဏ်အကူအညီနဲ့ ဆောင်ရွက်မယ့် ရှမ်းပြည်နယ်အတွင်း လူထုအခြေပြု ဖွံ့ဖြိုးရေးစီမံကိန်း ဆောင်ရွက်မယ့်မြို့နယ်ကို ရွေးချယ်ဖို့ အကြံပြုတဲ့ အခမ်းအနားတစ်ခုကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ရှိ မြို့တော်ခန်းမမှာ ဖေဖော်ဝါရီလ ၁၄ ရက်က ကျင်းပခဲ့ပါတယ်။

အဲဒီအခမ်းအနားကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေအပြင် ဒေသခံလူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေ အပါအဝင် လူစုစုပေါင်း ၃ဝဝ ကျော် တက်ရောက်ခဲ့ကြပါတယ်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကိုထောက်ပံ့တဲ့ အမေရိကန်ဒေါ်လာ သန်း ၈ဝ နဲ့ဆောင်ရွက်မယ့် အဲဒီ ဖွှံ့ဖြိုးရေးစီမံကိန်းမှာ ရွေးချယ်ခံရတဲ့ မြို့နယ်တွေကို တစ်နှစ် အမေရိကန်ဒေါ်လာ ၂၇၀၀၀ နှုန်းနဲ့ ပံ့ပိုးပေးသွားမှာဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုမရှိတဲ့ ဒေသတွေမှာတော့ လုပ်ငန်းတွေ အကောင်အထည်ဖေါ်ဆောင်ရွက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

စီမံကိန်းရဲ့ပထမနှစ်ဖြစ်တဲ့ ဒီနှစ်မှာ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့က မြို့နယ်တစ်ခုစီမှာ စတင်ဆောင်ရွက်မှာဖြစ်ပြီး  ရှမ်းပြည်နယ်မှာတော့ ပအို့ဝ်၊ ပလောင်၊ ဓနု၊ ဝ၊ ကိုးကန့် စတဲ့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွေထဲက မြို့နယ်တစ်ခုကို ရွေးချယ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လာမယ့် ၂၀၁၄ နဲ့ ၂ဝ၁၅ ခုနှစ်တွေမှာ ကျန်ပြည်နယ်နှင့်တိုင်းတွေထဲက မြို့နယ် ၁၂ မြို့နယ်ကို ဆက်လက်ထောက်ပံ့သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။