ပြည်ပသတင်းစာများ မြန်မာ့သတင်း ဖော်ပြမှု များပြားလာ

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး အပြောင်းအလဲတွေကြောင့် ပြည်ပ သတင်းစာတွေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေ တနေ့ထက်တနေ့ ပိုပိုပြီး ဖော်ပြလာတာ တွေ့ရပါတယ်။

2012.07.16

မနေ့က တရက်တည်းမှာပဲ အမေရိကန်၊ ထိုင်း ၊ ပါကစ္စတန်နဲ့ ဘင်္ဂလာဒေ့ရှ် သတင်းစာတွေမှာ မြန်မာနဲ့ပတ်သက်ပြီး သတင်းဆောင်းပါးတွေ ရေးသားထားတာ တွေ့မြင်ရပါတယ်။

အမေရိကန်ပြည်ထောင်စုက သတင်းစာကြီး တစောင်ဖြစ်တဲ့ Washington Post သတင်းစာမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ဦးတည်တဲ့ အပြောင်းအလဲတွေ ပေါ်ထွက်လာတာနဲ့ အမျှ အမေရိကန်အစိုးရက ချမှတ်ထားတဲ့ တင်းကျပ်မှုတွေ ပိတ်ဆို့မှုတွေကို တဆင့်ချင်း လျှော့ပေါ့ပေးသွားမယ်လို့ ပြောထားခဲ့ပြီး အခုပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန် ကုမ္ပဏီကြီးတွေ အနေနဲ့ မြန်မာ့ စွမ်းအင်ကဏ္ဍမှာ ပါဝင်ရင်းနှီးခွင့် ပြုလိုက်ပြီဆိုတာဟာ သိပ်ပြီး မမြန်လွန်းဘူးလားလို့ မေးခွန်းထုတ်လိုက်ပါတယ်။

ထိုင်းနိုင်ငံထုတ် The Nation သတင်းစာကတော့ အမေရိကန် ကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံကို သွားရောက် ရင်းနှီးမြှုပ်နံှခွင့် ရရှိပြီ ဆိုပေမယ့် မြန်မာနိုင်ငံတွင်း အပြောင်းအလဲ လုပ်စရာတွေ အများကြီး ကျန်ရှိနေသေးတဲ့အတွက် သတိကြီးကြီးထားဖို့ လိုအပ်ကြောင်း၊ အထူးသဖြင့် အဂတိလိုက်စားမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြည်သူတွေရဲ့ အခြေအနေ မတည်ငြိမ်သေးတာကို ဂရုပြုရမှာ ဖြစ်ကြောင်း၊ ဆုံးရှုံးမှု အန္တရာယ်တွေ အများကြီး ရှိကြောင်း ရေးသားထားပါတယ်။

Pakistan နိုင်ငံထုတ် The Dawn သတင်းစာကတော့ အခုအခါ ဘင်္ဂါလီ ရိုဟင်ဂျာတွေ ထောင်နဲ့ သောင်းနဲ့ ချီပြီး စခန်းတွေမှာ စုပြုံထားရှိတာဟာ လူမှုရေး ပြဿနာကြီး တရပ်ကို ဖိတ်ခေါ်နေရာ ရောက်ကြောင်း၊ အရင်လက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် အရေးအခင်း နောက်ပိုင်းမှာ မူဆလင် ရိုဟင်ဂျာတွေ ထောင်နဲ့ချီပြီး အစာ အာဟာရ ချို့တဲ့ ပြတ်လပ်မှုတွေ ကြုံတွေ့နေရပြီလို့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက သတိပေးနေကြောင်း၊ အစားအစာမရှိ၊ ဆေးဝါးအကူအညီလည်း မရှိတဲ့အတွက် အခုအတိုင်း ဆက်သွားရင် ကြောက်မက်ဖွယ် အခြေအနေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

Bangladesh နိုင်ငံထုတ် The Daily Star သတင်းစာကတော့ သမ္မတ ဦးသိန်းစိန် ပြောသလို ဘင်္ဂါလီ ရိုဟင်ဂျာတွေကို မောင်းနှင်ထုတ်ဖို့ ဆိုတာ အခုတွေ့နေရတဲ့ ပြဿနာရဲ့ အဖြေ မဟုတ်ကြောင်း၊ အဲဒီလူတွေရဲ့ ပြဿနာဟာ မိမိတို့ နိုင်ငံအတွက်လည်း ပြဿနာ ဖြစ်ကြောင်း၊ ဦးသိန်းစိန်ရဲ့ အမြင်သဘောထားကို ကြည့်ရင် ဒီပြဿနာကို နိုင်ငံတကာက လက်ပိုက်ကြည့်နေလို့ မဖြစ်တော့တာ သိသာကြောင်း ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။