တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် အိန္ဒိယနိုင်ငံထဲ ထွက်ပြေး

RFA Burmese
2023.12.13
တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် အိန္ဒိယနိုင်ငံထဲ ထွက်ပြေး အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ် ခရိုင် ၊ Sihhmui ရွာမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။
Zalen

 နယ်စပ်တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကနေ ဒီဇင်ဘာ ၁၀ ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ထဲ ဝင်ရောက်လာတဲ့ မြန်မာစစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် (၂၂၆၀) ရှိတယ်လို့ အိန္ဒိယသတင်းစာ Hindustan Times က ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။

အဲဒီစစ်ဘေးဒုက္ခသည်တွေဟာ မဏိပူရ်ပြည်နယ်၊ Kamjong ခရိုင်ထဲကို ဝင်ရောက်ခိုလှုံနေကြောင်း ခရိုင် တာဝန်ရှိသူတွေက ဒီဇင်ဘာ ၁၁ ရက်နေ့မှာ အတည်ပြုခဲ့တယ်လို့လည်း ဆိုပါတယ်။

India For Myanmar အဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ နယ်စပ်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ မကြာခဏတိုက်ခိုက်နေတာကြောင့် ဒေသခံတွေ အခုလို အိန္ဒိယနိုင်ငံထဲ ထွက်ပြေးရတာလို့ RFA ကို ပြောပါတယ်။

“အဓိကက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်တာ။ လေကြောင်းက မကြာခဏတိုက်ခိုက်တော့ ရွာသားတွေက ရွာတွေကိုစွန့်ပြီးတော့ အိန္ဒိယဘက်ကို ပြေးတာပေါ့လေ။ တိုက်ပွဲတွေကတော့ ဆက်နေတာပဲ မနေ့ကလည်း ဖြစ်တာပဲ”

တိုက်ပွဲကြောင့်ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အိန္ဒိယနယ်စပ်က ရွာတွေမှာ လက်ခံထားပေးတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့လကတည်းက မြန်မာနိုင်ငံကထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်တွေကို အစားအစာနဲ့ လိုအပ်တဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေ ထောက်ပံ့ပေးထားတယ်လို့ Kamjong ခရိုင် တာဝန်ရှိသူတွေက ပြောကြောင်းလည်း Hindustan Times က ဖော်ပြထားပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်အနီးက ခါမ်းပါတ်မြို့မှာ အောက်တိုဘာလကုန်ပိုင်းကစလို့ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး နိုဝင်ဘာ ၇ ရက်နေ့မှာတော့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မြို့ကိုသိမ်းယူနိုင်ခဲ့ပါတယ်။

တစ်လနီးပါးအကြာ ဒီဇင်ဘာ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်က မြို့ကိုပြန်သိမ်းနိုင်ဖို့ ထိုးစစ်ဆင်လာပြီး ဒီဇင်ဘာ ၁၃ ရက်ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတာပါ။

တိုက်ပွဲတွေကြောင့် ခါမ်းပါတ်မြို့ပေါ် ရပ်ကွက်လေးခုနဲ့ အနီးအနားရွာတွေက လူဦးရေငါးထောင်နီးပါး အိန္ဒိယ နယ်စပ်အပါအဝင် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။