မြန်မာတွေ ပြဿနာအများဆုံးလို့ မလေးရှားဝန်ကြီး ပြောဆို


2014.11.11
malaysia-illegal-workers-305 မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေ တဲ့ နိုင်ငံခြားသား အလုပ်သမားများကို လူဝင်မှုရဲများက ဖမ်းဆီးထားစဉ်
AFP

ဒုက္ခသည်တွေထဲမှာ မြန်မာတွေဟာ ပြဿနာများသူတွေဖြစ် ကြတယ်လို့ မလေးရှား ပြည်ထဲရေးဝန်ကြီးက ပြော ဆိုကြောင်း မလေးရှား Bernama သတင်းကဖေါ်ပြ ပါတယ်။ ဒုက္ခသည်လက်မှတ် ထုတ်ပေးမယ့် ကိစ္စပြောဆိုရင်း ထည့်သွင်းပြောကြားခဲ့တာပါ။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား တစ်သိန်းလေးသောင်းနီးပါးကို ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ အစီအစဉ် နဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု သက်သေခံ ကဒ်ပြားတွေ ထုတ်ပေးမယ်လို့ မလေးရှားအစိုးရ က ပြောပါတယ်။

အဲ့ဒီ သက်သေခံကဒ်ပြားတွေအတွက် ကုန်ကျငွေ အမေရိကန်ဒေါ်လာ သုံးသန်းကျော်ကို သြစတြေးလျ အစိုးရက ထောက်ပံ့ပေးမှာဖြစ်ပြီး၊ ဒီအစီအစဉ်ကို သုံးနှစ်အတွင်း ပြီးဆုံးအောင် ဆောင်ရွက်နိုင်မယ် လို့ မျှော်လင့်ရကြောင်း မလေးရှား ပြည်ထဲရေး ဝန်ကြီး ဒေါက်တာ Ahmad Zahid Hamidi က ပြောပါတယ်။

UNHCR မှာ အမည်မှတ်ပုံတင်ထားသူတွေကိုသာ ဒုက္ခသည်ကဒ်ပြားထုတ်ပေးမှာဖြစ်ပြီး၊ မှတ်ပုံမတင်ထား သူတွေကို ဥပဒေမဲ့ဝင်ရောက်သူတွေအဖြစ် သတ်မှတ်မှာဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ အဆိုအရ မလေးရှားမှာ UNHCR မှတ်ပုံတင်မရှိသူ နှစ်သောင်းဝန်းကျင်ရှိပြီး၊ တချို့ကမှတ်ပုံတင်အတုတွေ ကိုင်ဆောင် ထားကြတယ်လို့ သိရကြောင်း လည်းပြောပါတယ်။

ဒါ့ပြင် မလေးရှားနိုင်ငံရောက် ဒုက္ခသည်တွေထဲမှာ UNHCR ကဒ်ပြား ကိုင်ဆောင်ထားသူ မြန်မာတွေ ဟာ ပြဿနာများသူတွေဖြစ်ကြပြီး၊ လူသတ်မှု စတဲ့ရာဇဝတ်မှုတွေကျူးလွန်မှု အများဆုံးဖြစ်တယ်လို့လည်း မလေးရှားပြည်ထဲရေးဝန်ကြီးက သတင်းထောက်တွေကိုပြောဆိုကြောင်း Bernama သတင်းကဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။