မြန်မာဒုက္ခသည်တွေ ပြန်ပို့ခံရမယ့် အရေး ကူညီရေးအဖွဲ့တွေ စိုးရိမ်
2014.07.14

ထိုင်း မြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေ နေရပ်ပြန် ပို့ခံရရင် လုံခြုံရေးနဲ့ သက်မွေးဝမ်းကျောင်းမှုတွေအတွက် စိုးရိမ်စရာကောင်းကြောင်း ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ထိုင်းစစ်အစိုးရရဲ့ အပတ်စဉ်မိန့်ခွန်းထဲမှာ ထိုင်းနိုင်ငံ အတွင်းက ဒုက္ခသည်စခန်း ၉ ခုမှာရှိနေတဲ့ မြန်မာ ဒုက္ခသည် ၁ သိန်း၊ ၃ သောင်းကျော် နေရပ်ပြန်နိုင်ရေး အတွက် ထိုင်းနဲ့ မြန်မာအစိုးရတို့ ဆုံးဖြတ်ခဲ့ကြကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က လာရောက်ခဲ့တဲ့ မြန်မာ့ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ မြန်မာ ဒုက္ခသည်အရေး ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာဖြစ်ကြောင်း ထိုင်းစစ်ခေါင်းဆောင် အကြီးအကဲ ပရာယွတ် ချန်အိုချာက ပြောဆိုခဲ့တာပါ။
အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဒေါက်တာနီရင်က နေရပ်ပြန်ပို့ရေးကိစ္စမှာ နှစ်ဘက်အစိုးရတွေအနေနဲ့ ဒုက္ခသည်များ ကာကွယ်ရေးဆိုင်ရာ အခြေခံစည်းမျဉ်းတွေအပေါ် လေးစားသမှုနဲ့ အသေအချာဆောင်ရွက်ကြဖို့ လိုကြောင်း၊ နေရပ်ပြန်သူတွေ လူ့ဂုဏ်သိက္ခာနဲ့အညီ သက်မွေးဝမ်းကျောင်းနိုင်ကြဖို့ မြန်မာအစိုးရမှာတာဝန်ရှိကြောင်း ပြောဆိုပါတယ်။
ချူလာလောင်ကွန်တက္ကသိုလ် အာရှတိုက်ဆိုင်ရာ ရွှေ့ပြောင်းမှုသုတေသနဌာန ညွှန်ကြားရေးမှူး ဆူပန်ကလည်း အရေးအကြီးဆုံးကတော့ မြန်မာပြည်တွင်းက ငြိမ်းချမ်းရေးအခြေအနေပါပဲ၊ မြန်မာအစိုးရအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အောင်မြင်အောင်ဆောင်ရွက်ဖို့ အာမခံရပါလိမ့်မယ်၊ ဒုက္ခသည်တွေ လုံခြုံမှုရှိရှိ၊ သက်မွေးဝမ်းကျောင်းမှု ခိုင်ခိုင်မာမာရှိအောင် နှစ်ဘက်အစိုးရတွေ အသေအချာဆွေးနွေးကြဖို့လိုပါတယ်လို့ ဆိုပါတယ်။
UNHCR ရဲ့ စာရင်းအရ ထိုင်း မြန်မာနယ်စပ်က ကရင်ဒုက္ခသည်စခန်း ၇ ခု၊ ကရင်နီဒုက္ခသည်စခန်း ၂ ခု မှာ ဒုက္ခသည် ၁ သိန်း၊ ၃ သောင်းဝန်းကျင်ရှိပါတယ်။