တရုတ်ကိုပို့မယ့် ဆန်အိတ် တစ်သန်းနီးပါး မူဆယ်မှာ ပိတ်မိနေ


2019.06.02
myanmar-rice-622.JPG မူဆယ် ဆန်စပါး ကုန်စည်ဒိုင်က ဆန်ပွဲရုံကို တွေ့ရစဉ်
Photo: Ye Htet/RFA

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ တရုတ်နိုင်ငံကို တင်ပို့မယ့် ဆန်အိတ် တစ်သန်းနီးပါးလောက် ပိတ်မိနေတယ်လို့ မူဆယ် ဆန်စပါးကုန်စည်ဒိုင်မှာ အရောင်းအဝယ်လုပ်နေသူတွေက RFA ကို ပြောပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလကုန်ပိုင်းကစပြီး တရုတ်နိုင်ငံကို တင်ပို့မယ့် မြန်မာနိုင်ငံက တရားမဝင်ကုန်စည်တွေကို မူဆယ်နယ်စပ်မှာ တရုတ်နိုင်ငံက စီမံချက်ချပြီး တားဆီးပိတ်ပင်တာတွေ လုပ်ခဲ့ပြီးနောက်မှာ ဆန်အိတ် တစ်သန်းနီးပါးလောက် မူဆယ်မြို့မှာ ပိတ်မိနေတာဖြစ်ကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင်မှာ အရောင်းအဝယ်လုပ်နေတဲ့ ဦးမင်းသိန်းက RFA ကို ပြောပါတယ်။

ဆန်အိတ်တွေအပြင် သကြားအိတ် တစ်သန်းနီးပါးနဲ့ ပြောင်း ရှစ်သိန်းနီးပါးလောက်လည်း ပိတ်မိနေတဲ့ထဲမှာ ပါဝင်တယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့နေတဲ့ ဆန်၊ ပြောင်း၊ သကြား စတဲ့ ကုန်ပစ္စည်းတွေဟာ တရားဝင်လမ်းကြောင်းကနေ တင်ပို့တာနည်းပြီး တရားမဝင်လမ်းကြောင်းတွေကနေ တင်ပို့မှု များတယ်လို့ ကုန်သည်တွေက ပြောကြပါတယ်။

တရုတ်နိုင်ငံဘက်က တရားမဝင် ဝင်ရောက်တဲ့ မြန်မာကုန်ပစ္စည်းမှန်သမျှကို နယ်စပ်တကြောမှာ မှောင်ခိုလမ်းတွေကို ပိတ်ဆို့ဖမ်းဆီးနေတာတွေ မကြာသေးခင် လပိုင်းတွေကစပြီး ဒီရက်ပိုင်းတွေအထိ တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေပါတယ်။

ဒါကြောင့် မူဆယ်မြို့မှာ တရုတ်နိုင်ငံကို ရောင်းချမယ့် ဆန်၊ သကြားနဲ့ ပြောင်းတွေဟာ အရောင်းအဝယ် ရပ်ဆိုင်းလုနီးပါးဖြစ်နေတယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုရဲထက် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။