မြန်မာနဲ့ ရုရှား ရေနံရောင်းဝယ်ရေးမှာ နှစ်နိုင်ငံငွေကြေး တိုက်ရိုက်သုံးဖို့ ပြင်ဆင်

RFA Burmese
2023.09.11
မြန်မာနဲ့ ရုရှား ရေနံရောင်းဝယ်ရေးမှာ နှစ်နိုင်ငံငွေကြေး တိုက်ရိုက်သုံးဖို့ ပြင်ဆင် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလအတွင်းက ရုရှားနိုင်ငံ Krasnoyarsk မြို့ရှိ ပုဂ္ဂလိကကုမ္ပဏီတစ်ခုတွင် ရုရှား ရူဘယ်ငွေများ ရေတွက်နေစဉ်
Reuters

မြန်မာနဲ့ ရုရှားနိုင်ငံအကြား ရေနံရောင်းဝယ်ရေးကိစ္စတွေမှာ မြန်မာကျပ်ငွေ၊ ရုရှားရူဘယ်ငွေတို့နဲ့ တိုက်ရိုက်ပေးချေနိုင်အောင် မကြာခင် နှစ်နိုင်ငံသဘောတူလက်မှတ် ထိုးသွားမယ်လို့ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်က ပြောပါတယ်။

ရုရှားနိုင်ငံ၊ ဗလာဒီဘော့စတော့ခ်မြို့မှာ ကျင်းပနေတဲ့ အရှေ့စီးပွားရေးဖိုရမ်ကိုတက်နေတဲ့ ဒေါက်တာကံဇော်က ဖိုရမ်ပြင်ပမှာ ရုရှားနိုင်ငံ မော်စကိုအခြေစိုက် Sputnik သတင်းဌာနကို ပြောလိုက်တာပါ။

လက်ရှိအချိန်မှာ စစ်ကောင်စီက ရုရှားနိုင်ငံကနေ ရေနံတွေဝယ်ယူရာမှာ တရုတ်နိုင်ငံရဲ့ ငွေကြေးယွမ်ကို သုံးပြီးပေးချေနေတာလို့လည်း ဒေါက်တာကံဇော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ က ကျင်းပခဲ့တဲ့ အရှေ့စီးပွားရေးဖိုရမ်မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံကနေ ရေနံတွေ ဝယ်ယူနေတဲ့အကြောင်း Sputnik သတင်းဌာနကို ပြောဆိုထားပါတယ်။

ဒီနှစ်ကျင်းပတဲ့ အရှေ့စီးပွားရေးဖိုရမ်ကို ရုရှားနိုင်ငံဗလာဒီဘော့စတော့ခ်မြို့မှာ စက်တင်ဘာ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ လေးရက်ကြာကျင်းပနေတာပါ။

အဲဒီဖိုရမ်ကိုတက်နေတဲ့ စစ်ကောင်စီ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကလည်း ဖိုရမ်ကျင်းပချိန်အတွင်း နှစ်နိုင်ငံသဘောတူညီချက်တွေ လက်မှတ်ထိုးသွားဖို့ရှိကြောင်း ပြောထားပါတယ်။

ဒါကြောင့် မြန်မာကျပ်ငွေ၊ ရုရှားရူဘယ်ငွေတို့နဲ့ တိုက်ရိုက်ပေးချေတာကို ဒီရက်ပိုင်းအတွင်းမှာပဲ နှစ်နိုင်ငံသဘောတူသွားနိုင်တဲ့ အလားအလာလည်းရှိနေပါတယ်။

နှစ်နိုင်ငံအကြား ခရီးသွားလာမှုမြှင့်တင်ရေး သဘောတူညီချက်ကိုတော့ ဒီရက်ပိုင်းအတွင်းလက်မှတ်ထိုးနိုင်မယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။