ရုရှား-မြန်မာ ပထမဆုံးရေကြောင်းစစ်ရေးလေ့ကျင့်မှု စတင်

RFA Burmese
2023.11.07
ရုရှား-မြန်မာ ပထမဆုံးရေကြောင်းစစ်ရေးလေ့ကျင့်မှု စတင် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုမတိုင်ခင် ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းတွင် ရုရှားရေတပ် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ​တွေ့ရသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်။
Myanmar Military

ရုရှား-မြန်မာ နှစ်နိုင်ငံ ပထမဆုံးအကြိမ် ပူးတွဲရေကြောင်းစစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာလ ၇ ရက်နေ့မှာ စတင်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို နိုဝင်ဘာလ ၇ ရက်နေ့ကနေ ၉ ရက်နေ့အထိ မြိတ်မြို့အနောက်ဘက် မြန်မာ့ရေပိုင်နက်မှာ ပြုလုပ်မှာဖြစ်ပြီး ရုရှားစစ်သင်္ဘော သုံးစင်းနဲ့ ရုရှားစစ်တပ်က အရာရှိစစ်သည် စုစုပေါင်း ၈ဝဝ နီးပါး ပါဝင်မှာ ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

အဲဒီစစ်သင်္ဘောတွေဟာ စစ်ကောင်စီ စစ်ရေယာဉ်တွေနဲ့အတူ ဝေဟင်နဲ့ ရေပြင်ရန်ကာကွယ်ဖို့နဲ့ ရေကြောင်းလုံခြုံရေးဆိုင်ရာတွေ ပူးပေါင်းလေ့ကျင့်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုမတိုင်ခင်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV တို့ တွေ့ဆုံခဲ့ကြတဲ့အပြင် ရေငုပ်သင်္ဘော ဖျက်သင်္ဘောနဲ့ ရေငုပ်သင်္ဘောဖျက် ရဟတ်ယာဉ်တွေရဲ့ လက်နက်စနစ်တွေနဲ့ပတ်သက်ပြီး မေးမြန်းဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း နိုင်ငံတကာအကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရုရှားနိုင်ငံ၊ ပရီမော့စကီး ဒေသမှာ ရုရှားနဲ့ မြန်မာစစ်တပ်အကြီးအကဲတွေ ဦးဆောင်ကျင်းပခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူတာတွေ ခံနေရတဲ့ စစ်ကောင်စီဟာ ဒီနှစ်ပိုင်းမှာ ရုရှားနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို တိုးမြှင့်လုပ်ဆောင်လာတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။