ဘော်ဒါဆောင်တွေ မဖွင့်လို့ ကျောင်းသားမိဘတွေ အခက်တွေ့

ဇော်တူး
2020.07.17

မြန်မာနိုင်ငံပညာရေးဌာနရဲ့ ကျောင်းတွေ ပြန်လည်ဖွင့်နိုင်ဖို့အတွက် စည်းကမ်းသတ်မှတ်ချက်မှာ ဘော်ဒါဆောင်တွေ ဖွင့်ခွင့်မပြုခဲ့တဲ့အတွက် မကွေးတိုင်းအတွင်းက ဒေသတချို့မှာ ကျောင်းသားမိဘတွေ အခက်တွေ့စေခဲ့ပါတယ်။

မကွေးတိုင်း နတ်မောက်မြို့နယ်ထဲက ကျေးရွာနေပြည်သူတွေဟာ မိမိတို့ရဲ့ သားသမီးတွေ အထက်တန်းပညာသင်ကြားရာမှာ ကျောင်းသွား ကျောင်းပြန် ကိစ္စရပ်တွေအတွက် စိုးရိမ်ပူပန်မှုတွေရှိနေရတယ်လို့ နတ်မောက်မြို့နယ် ဇလုတ်ကျေးရွာက ဦးကြည်ဝင်းကပြောပါတယ်။

ပညာရေးဌာနအနေနဲ့ အခြေခံအထက်တန်းတွေကို ဖွင့်လှစ်နိုင်ဖို့ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်ရာမှာ ပြင်ပပုဂ္ဂလိကကျောင်းတွေကို ဘော်ဒါဆောင် ဖွင့်ခွင့်မပြုခဲ့ပါဘူး။ ဒီအချက်ကပဲ မြို့ပြနဲ့ (၇)မိုင်ကျော် ဝေးတဲ့ ကျေးရွာကနေ ကျောင်းတက်ရမယ့် အခြေအနေမှာ ကျောင်းသွား ကျောင်းပြန်ချိန် လမ်းခရီးမှာ ယာဥ်အန္တရာယ်ကစလို့၊ မိုးတွင်းအခါ ချောင်းရေကျချိန်တွေအတွက် ပူပန်မိတာလို့ စည်သာကျေးရွာက ဒေါ်ဌေးဌေးရီက ပြောပါတယ်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက မကွေးမြို့ပေါ် ကျောင်းအပ်နှံမှု လိုက်လံစစ်ဆေးချိန်မှာ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေး ကြိုတင်ကာကွယ်မှုတွေ ပြင်ဆင်ပြီး အခုလို စနစ်တကျကျောင်းတွေ ဖွင့်စေခဲ့တာဖြစ်တယ်လို့ RFA ရဲ့မေးမြန်းတာကို ဖြေကြားခဲ့ပါတယ်။

ကျေးလက်နေပြည်သူအများစုဟာ မိမိတို့သားသမီးတွေကို မြို့ပေါ်ကျောင်းတွေဆီ အခြေခံပညာအထက်တန်း ပညာသင်ကြားစေရာမှာ ဆွေနီးမျိုးစပ်မရှိသူတွေအတွက် ဘော်ဒါပါ ပုဂ္ဂလိက ကျောင်းတွေကို အားကိုးအားပြုထားကြပါတယ်။ဒါပေမယ့်အခုလို ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါပိုး ဖြစ်ပွားနေချိန်မှာ ဘော်ဒါထားမယ့်အစား အသွားအပြန် ကျောင်းတက်စေတာက ပိုပြီးစိတ်ချတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

မကြာမီ လာမယ့် ဇူလိုင်လ တတိယပတ်ကစလို့ အခြေခံပညာအထက်တန်းတွေကို  ပညာသင်ကြားဖို့ ကျောင်းတွေ စတက်ရတော့မှာပါ။ ကမ္ဘာ့ကပ်ဆိုးရောဂါ ကိုဗစ်-၁၉ ကာလကို သတိကြီးစွာနဲ့ ဖြတ်သန်းနေရချိန်မှာ မြန်မာနိုင်ငံအစိုးရအနေနဲ့ ကျောင်းသားတွေရဲ့ပညာရေးကို အလေးထားပြီး ကျန်းမာရေးဦးစီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ ကူးစက်ရောဂါပိုး ကိုဗစ်-၁၉ မပြန့်ပွားနိုင်အောင် အလေးထားဆောင်ရွက်သွားမယ်လို့ တိုင်းဒေသကြီး အစိုးရလူမှုရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။