ကလေးအလုပ်သမားဆိုင်ရာ ILO သဘောတူစာချုပ် မြန်မာ လက်မှတ်ရေးထိုးမည်


2014.07.16
child-soldier-305.JPG အရွယ်မရောက်သော ကလေးစစ်သားများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခြင်း အခမ်းအနားတစ်ခုကို တွေ့ရစဉ်
Photo: RFA

ကလေးသူငယ် အလုပ်သမားတွေကို အဆိုးဝါးဆုံးပုံစံနဲ့ လူကုန်ကူးခြင်း၊ ကျွန်ပြုခြင်း၊ ကလေးစစ်သားအဖြစ် စုဆောင်းခြင်းတို့ကို အရေးယူမယ့် နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ပြဌာန်းချက် အမှတ် ၁၈၂ ကို မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအနေနဲ့ လက်မှတ်ထိုး ဝင်ရောက်ဖို့ ဒီနေ့ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

ကလေးသူငယ် အလုပ်သမားတွေကို အဆိုးဝါးဆုံး ပုံစံနဲ့ စေခိုင်းခြင်းဆိုင်ရာ ILO ပြဌာန်းချက်အမှတ် ၁၈၂ ကို မြန်မာနိုင်ငံက ဝင်ရောက်လက်မှတ်ထိုးဖို့ အတွက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် ကို သဝဏ်လွှာပေးပို့ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာကို အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က အခုလိုဖတ်ကြားတင်ပြခဲ့တာဖြစ်ပါတယ်။

"ILO ရဲ့ ပြဌာန်းချက် အမှတ် ၁၈၂ အရ ကျနော်တို့ မြန်မာနိုင်ငံမှာ ကလေးသူငယ်တွေကို အဆိုးဝါးဆုံးပုံစံနဲ့ ခိုင်းစေခြင်း၊ ကျွန်ပြုခြင်း၊ လူကုန်ကူးခြင်းနဲ့ ရောင်းစားခြင်း၊ အဓမ္မခိုင်းစေခြင်း၊ လက်နက်ကိုင် ပဋိက္ခများတွင် အသုံးပြုရန် အဓမ္မစုဆောင်းခြင်း၊ လိင်မှုကိစ္စများတွင် အသုံးချခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနဲ့ ရောင်းဝယ်မှု လုပ်ငန်းများတွင် အသုံးချခြင်း၊ ကလေးသူငယ်များရဲ့ ကျန်းမာရေး၊ လုံခြုံရေးနဲ့ စာရိတ္တကို ထိခိုက်စေမယ့် ကိစ္စရပ်များမှာ အသုံးချခြင်း စတဲ့လုပ်ငန်းရပ်တွေကို တားဆီးကာကွယ် အရေးယူသွားရမှာဖြစ်ပါတယ်"

မြန်မာနိုင်ငံအနေနဲ့ILO အဖွဲ့ဝင်အဖြစ် ၁၉၄၈ ခုနှစ်မှာ ဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်မှာ ILO ပြဌာန်းချက်တွေထဲက ၁၉ ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ကလေးသူငယ် အလုပ်သမားတွေကို အဆိုးဝါးဆုံးပုံစံနဲ့ စေခိုင်းခြင်းဆိုင်ရာ ပြဌာန်းချက်အမှတ် ၁၈၂ ကို ILO အဖွဲ့ဝင်နိုင်ငံ ၁၈၅ နိုင်ငံထဲက ၁၇၇ နိုင်ငံက လက်ခံကျင့်သုံးနေပြီး မြန်မာနိုင်ငံအနေနဲ့ လက်မှတ်ထိုးပြီးရင် လာမယ့် ဒီဇင်ဘာလမှာ အဲ့ဒီပြဌာန်းချက်က အသက်ဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။