မြန်မာနိုင်ငံတွင်း စင်္ကာပူ ရင်းနှီးမြှပ်နှံမှုပမာဏ တရုတ် ကို ကျော်လွန်


2014.11.17

မြန်မာနိုင်ငံမှာ စင်္ကာပူရဲ့ရင်းနှီးမြှုပ်နှံမှုပမာဏက တရုတ်ပြည်ကို ကျော်လွန်သွားခဲ့တာဟာ အမေရိကန် ကုမ္ပဏီတွေကြောင့် ဖြစ်တယ်လို့ မြန်မာအစိုးရ ဘဏ္ဍာရေး ဒုတိယဝန်ကြီးက ပြောဆိုကြောင်း South China Morning Post သတင်း ကဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ FDI ခေါ် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏအများဆုံးဟာ အရင်က တရုတ်ပြည် ဖြစ်ခဲ့ရာက အခုအခါ စင်္ကာပူဖြစ်လာရတာဟာ မြန်မာ အပေါ် အမေရိကန်အစိုးရရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူထားတာတွေ ကိုရှောင်ချင်တဲ့ အမေရိကန်ကုမ္ပဏီတချို့က စင်္ကာပူမှာ မှတ်ပုံတင်ပြီး စင်္ကာပူ ကုမ္ပဏီအနေနဲ့ မြန်မာနိုင်ငံတွင်းကို ဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့ကြကြောင်း၊ ဒါကြောင့် စင်္ကာပူက တရုတ် ကိုကျော်တက်သွားခဲ့တာ ဖြစ်ကြောင်း ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်း ကပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အဲ့ဒီ စင်္ကာပူကုမ္ပဏီတွေရဲ့ အမည်တွေကိုတော့ ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။ အမည်မဖော်လိုသူ အမေရိကန်အရာရှိတစ်ဦးကတော့ အမေရိကန်ကုမ္ပဏီတွေ စင်္ကာပူမှာ မှတ်ပုံတင်ကြတာဟာ မြန်မာအပေါ် ပိတ်ဆို့ထားတာကို ရှောင်ဖို့ထက်၊ စင်္ကာပူ ရဲ့နိုင်ငံရေး၊ ဥပဒေ နဲ့ ဘဏ္ဍာရေး စနစ်တွေဟာ အမေရိကန်အပါ အဝင် နိုင်ငံခြားတိုင်းပြည်တွေကို ဆွဲဆောင်နိုင်တာ ကြောင့်သာဖြစ်နိုင်ကြောင်း ပြောဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီနှစ်အတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အမေရိကန်ဒေါ်လာ ၅ ဘီလျံကျော် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်နဲ့ ဘဏ္ဍာရေး သုတေသနအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ McKinsey & Company က ဒီနှစ် ဇွန်လ က ထုတ်ပြန်ခဲ့တဲ့ စာရင်းအရ မြန်မာနိုင်ငံအနေနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အစီအမံတွေ အောင်မြင် ဖို့ဆိုရင် ဒေါ်လာ ၆၅၀ ဘီလျံလိုအပ်ပြီး၊ ဒီအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလျံ ၁၇၀ ကျော်လိုအပ်မယ် လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။