အဆိုတော်ချစ်ကောင်း နေထိုင်ရာတိုက်ခန်းတွဲမှာ အသွားအလာ ပိတ်ပင်ထား

ခင်မောင်စိုး
2020.09.22

ရန်ကုန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူတွေ နေထိုင်ခဲ့တဲ့ တိုက်တွေက တခြားအခန်းတွေမှာ လက်ရှိနေထိုင်သူတွေကို အိမ်ပြင်မထွက်ဖို့ ပိတ်ပင်ထားပါတယ်။ တပြိုင်နက်မှာ အဲဒီဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အားလုံးကို သီးသန့်ထားဖို့လည်း သက်ဆိုင်ရာတွေအနေနဲ့ နေရာအခက်အခဲနဲ့ ကြုံနေရတဲ့အတွက် တခြားနည်းလမ်းတွေကို စဉ်းစားစီစဉ်နေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူတွေ တနေ့တခြား များပြားလာတဲ့အတွက် သူတို့အားလုံးကို သီးခြားထားစောင့်ကြည့်ရေးစခန်းတွေမှာ ထားရှိဖို့ အခက်ကြုံနေပါတယ်။

ဒီအတောအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့ လူနာတွေ  ဦးဆုံးသွားရောက်ပြသခဲ့တဲ့ ဆေးခန်းအားလုံးကို သက်ဆိုင်ရာက ယာယီပိတ်လိုက်တဲ့အတွက် လူနာတွေပြသဖို့ အခက်တွေ့နေတာကို ကူညီတဲ့အနေနဲ့ အစိုးရဝန်ထမ်းမဟုတ်တဲ့ ဆရာဝန်တွေ သူနာပြုတွေက သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အာဏာပိုင်အဖွဲ့အစည်းတွေ၊ စေတနာရှင်အလှူရှင်တွေနဲ့ ပူးပေါင်းပြီး ကိုယ်ထူကိုယ်ထ အခမဲ့ဆေးခန်းတွေကို မြို့နယ်တွေမှာ ဖွင့်လှစ်ထားပါတယ်။

တောင်ဥက္ကလာပမြို့နယ်က အဲဒီကိုယ်ထူကိုယ်ထ ဖျားနာကုဆေးခန်းတာဝန်ခံ ဒေါက်တာ ဉာဏ်လင်းမြင့်ထွန်း က လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူတွေကို မိမိတို့နေအိမ်တွေမှာပဲ နေထိုင်စေပြီး အရေးပေါ်အခြေအနေပေါ်ပေါက်မှသာ ဆေးရုံသွားဖို့ သူတို့စီစဉ်ပေးနေတယ်လို့ ပြောပါတယ်

“လောလောဆယ်မှာ ဖျားတယ် နာတယ် ချောင်းဆိုးတယ် အနံ့မရဘူး။ ကိုဗစ်နဲ့တူသလား တူတယ်။ သို့သော်လည်း ဆေးရုံမှာထားပေးဖို့ နေရာ အဆင်မပြေဘူး။ အဆင်မပြေတဲ့အခါ ကျနော်တို့က အိမ်မှာဘဲပြန်နေပါ home quarantine ပေါ့။ ကိုယ့်အခန်းထဲကိုယ်နေ အပြင်မထွက်နဲ့ အိမ်က လူတွေ တယောက်နဲ့မှ မထိတွေ့နဲ့ mask ကို အမြဲတပ်ထားပေါ့၊ သက်သာသွားလား သက်သာသွားရင် တော်ပြီပေါ့။ မသက်သာဘူး မောလာတယ်။ ပိုဆိုးလာတယ်ဆိုလာတယ်ဆိုရင် ဆေးရုံကို အချိန်မရွေးသွားပါ၊ ဒါမှမဟုတ် ဆေးရုံကို ကျနော်တို့ လှမ်းချိတ်ပေးတယ် ဆေးရုံမှာရအောင် ထားပေးတယ်၊ မဟုတ်လို့ရှိရင် အနံ့မရရုံနဲ့ ကျနော်တို့ကုနေရင် ဒီလူတွေအများစုက positive ဖြစ်လာမှာပဲ။ အဲ ဒီလို Positive ဖြစ်လာတဲ့ လူနာအားလုံးကို ဆေးရုံမှာသွားတင်ရင် ဆေးရုံမှာ work load အရမ်းများကုန်မယ်၊ ဒီလို မျိုး တင်းတင်းကြပ်ကြပ် အိမ်မှာသီးသန့်ခွဲနေခိုင်းရင် ဆေးရုံတွေ ဝန်ထုပ်ဝန်ပိုးတွေ ကျသွားမယ်။ကျန်းမာရေးလုပ်သားတွေအနေနဲ့လည်း အလုပ်ပိတာတွေ ကျသွားမယ်။ အကုန်လုံး အဆင်ပြေနိုင်မယ်။ ဒါပေမဲ့ ရောဂါပြင်းထန်လာချိန်မှာ ဆေးရုံကို ကားနဲ့ အချိန်မီပြေးနိုင်မလား မပြေးနိုင်ဘူးလားဆိုတာ ကျနော်တို့ ဆုံးဖြတ်ဖို့ နဲနဲခက်တယ်”

လောလောဆယ်ဆယ်မှာ ဗိုင်းရပ်စ်ပိုးတွေ့သူတွေကို သက်ဆိုင်ရာတွေက ဆေးရုံတွေ သီးခြားစောင့်ကြည့်ရေးစခန်းတွေကို တတ်နိုင်သမျှ ပို့ပြီးကုသပေးနေပါတယ်။ အဲဒီလို ရောဂါပိုးတွေ့ရှိခဲ့တဲ့ သူတွေ နေထိုင်ခဲ့တဲ့ တိုက်ခန်းတွဲတွေမှာ ကျန်ရှိသူတွေကို Lockdown တိုက်အပြင်မထွက်စေဘဲ သီးခြားထားပြီးစောင့်ကြည့်နေရာမှာ တာမွေမြို့နယ်မှာ နေထိုင်တဲ့ အဆိုတော် ချစ်ကောင်းက သူတို့ မိသားစုလည်း ပြီးခဲ့တဲ့ ၃ ရက်ကစပြီး အဲဒီလို နေထိုင်ရတယ်လို့ RFA ကို မနေ့ညက ပြောပါတယ်။

“၁၉  ရက်နေ့က အောက်ထပ်ခန်းမှာ Positive ၂ ယောက်တွေ့တယ်ဆိုပြီး ၂ဝ ရက်နေ့မှာ lock down ချလိုက်တယ်။ ကျနော်တို့တိုက်ခန်း အားလုံး ၁၆ ခန်းကို lock down ချတယ်။ စစချင်း ဖြစ်တုန်းက ကြောက်သွားတယ် အောက်ဆင်းမှာ အခက် အပေါ်တက်ရမှာလည်း  အခက်။ ၂ဝ ရက်နေ့မှာ lock down  ချတယ်ဆိုပြီး လိုင်းအနီတားလိုက်တယ်။ stay home ဖြစ်သွားတယ်၊ အဝင်အထွက်လုပ်လို့ မရတော့ဘူး။ တောင်စဉ်းစား မြောက်စဉ်းစား စားရေး သောက်ရေးရော။ ကလေးတွေ အငယ်တွေ နဲ့ ဆိုတော့ အခက်အခဲဖြစ်တယ် ဒါပေမဲ့ အဲဒါတွေကို ထိုင်ပြီး တွေဝေပြီး စဉ်းစားနေလို့မဖြစ်ဘူးဆိုပြီး ဖြစ်အောင်နေလိုက်တာပါပဲ”

သူတို့မိသားစုကို အနုပညာအသိုင်းအဝန်းနဲ့ မိတ်ဆွေတွေကလည်း အစားအသောက်တွေ ပို့ပေးနေပြီး မင်းသားဦးကျော်သူတို့ စေတနာ့ဝန်ထမ်းအဖွဲ့က ပိုးသတ်ဆေး လာဖျန်းပေးတယ်လို့လည်း အဆိုတော်ချစ်ကောင်းက ပြောပါတယ်။

“၂၂ ရက်နေ့မှာ ပိုးသတ်ဆေးလာဖျန်းတယ်။ စိတ်ကလေး ပေါ့သွားတယ်ပေါ့။ ကျန်တဲ့ ၂ ရက်က စိတ်ထဲမှာ မတင်မကျကြီးဖြစ်နေတာပေါ့။  ဒီလိုနဲ့ပဲ အိမ်ထဲမှာပဲနေ မိသားစုနဲ့ပျော်ပါး သားသမီးတွေနဲ့ သီချင်းဆိုလိုက်။ မုန့်တွေလုပ်စား။ ဒီလိုပဲ ကြုံရတာပဲ။ စိတ်ညစ်နေလည်း  ဘာမှမထူးဘူး။ အရေးကြီးတာက ကိုယ့်ကိုယ်ကိုကာကွယ် ကိုယ့်ကိုယ်ကို ဂရုစိုက် ဒါပါပဲ။”

လတ်တလောမှာ သူတို့တိုက်ခန်းတွဲရှေ့မှာ သက်ဆိုင်ရာတွေက သူနာပြုတွေအပါအဝင် လာရောက်စောင့်ကြည့်ပြီး အစားအစာ တနေ့ ၃ ကြိမ်ပို့ပေးခြင်း အပါအဝင် အခန်းအားလုံးကို အချိန်ပြည့်စောင့်ရှောက်ကူညီပေးနေတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်လို့လည်း အဆိုတော် ချစ်ကောင်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။