မရမ်းကုန်းမှာ လူငယ်လေးဦးကို စစ်ကောင်စီတပ် ရိုက်နှက်ဖမ်းဆီး
2021.10.21
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက် ဦးဘဟန်လမ်းက နေအိမ်တစ်လုံးကို အောက်တိုဘာလ ၂၁ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ရှာဖွေပြီး လူငယ်လေးဦးကို ဖမ်းသွားတယ် လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကိုယ်တိုင်မြင်ခဲ့သူက ပြောပါတယ်။
“အိမ်စီးကားတစ်စီးက အိမ်ရှေ့အထိဝင်လာပြီး ကားလေးစီးကတော့ လမ်းသွယ်နဲ့ လမ်းထိပ်တွေမှာ စောင့်နေကြတယ်၊ အရပ်ဝတ်တွေ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ လောက်က လူငယ်တွေကို ရိုက်နှက်ဖမ်းဆီးတာကြောင့် နာလို့အော်တဲ့အသံတွေပါ ကြားနေရတယ်၊ အစက ဖမ်းထားတာငါးဦး၊ အဲဒီအထဲက မိန်းကလေးတစ်ဦးကိုတော့ ပြန်လွှတ်ထားခဲ့တယ်” လို့ ကိုယ်တိုင်မြင်ခဲ့သူက RFA ကို ပြောပါတယ်။
စစ်တပ်ထောက်ခံသူ သတင်းပေးမှုကြောင့် အဖမ်းခံရပြီး မရမ်းကုန်းမြို့နယ် ပေါ်တော်မူဘုရားဝင်းထဲမှာ တပ်စွဲထား တဲ့ တပ်မ ၂၂ ရဲ့ စစ်ဆေးမေးမြန်းတာခံနေရသူ လူငယ်တစ်ဦးကနေ အဆက်အနေနဲ့ ဦးဘဟန်လမ်းထဲက နေအိမ်ကို ထပ်မံဝင်ဖမ်းသွားတာလို့ ကိုယ်တိုင်မြင်ခဲ့ရသူက ဆိုပါတယ်။
လက်နက်ပစ္စည်းတွေရှိတယ်ဆိုတဲ့ သံသယနဲ့ လူငယ်တွေကို ရိုက်နှက်ရှာဖွေဖမ်းဆီးတာဖြစ်ပြီး နေ့လယ် ၁ နာရီခွဲအထိ ရပ်ကွက်လမ်းတွေထဲမှာ စစ်ကောင်စီတပ်သားတွေ ရှိနေဆဲဖြစ်တယ်လို့ အနီးအနားပတ်ဝန်းကျင် မှာ နေထိုင်သူတွေက ပြောပါတယ်။
စစ်ကောင်စီဟာ အောက်တိုဘာလ ၁၈ ရက်နေ့မှာ အဖမ်းခံရပြီး အမှုရင်ဆိုင်နေရသူတွေနဲ့ ထောင်ကျနေသူ ၅၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် လွှတ်ပြီးပြီးချင်း ပြန်ဖမ်းတာတွေ လုပ်ဆောင်နေပါတယ်။