ညဘက် သံပုံးတီးလို့ဆိုပြီး အဖမ်းခံရ၊ အိမ်ကားတွေလည်း ဖျက်ဆီးခံရ
2021.12.07

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်မှာ ဒီဇင်ဘာ ၇ ရက်ညပိုင်းက သံပုံးတီးလို့ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရပ်ကွက်နေသူတချို့ကို ဖမ်းဆီးတာ လမ်းပေါ်ရပ်ထားတဲ့ အိမ်စီးကားတွေကို ဖျက်ဆီးခဲ့ကြတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ည ၈ နာရီ သံပုံးမတီးခင်ကတည်းက ကမာရွတ်မြို့နယ်ထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကြိုတင် ဝင်လာပြီးနောက် လူတွေဖမ်း ကားတွေဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"သုံးကြိမ် ဝင်ပါတယ်။ ပထမတစ်ကြိမ်မှာ ဝင်ဝင်ချင်း သေနတ်စဖောက်တယ်။ ကားမှန်တွေရိုက်ခွဲ မီးလင်းနေတဲ့အိမ်တွေကိုပါ လေးခွနဲ့ မှန်တွေကိုခွဲပါတယ်။ ပြန်ခါနီး အသံဗုံးထပ်ဖောက်သွားတယ်။ နောက်ဒုတိယအကြိမ်က ကင်းပတ်ရုံပဲ ကားတန်းလိုက်ဝင်လာတာလို့ သိရပါတယ်။ တတိယအကြိမ်မှာ လူတွေကို စဖမ်းခေါ်ပါတယ်"
နာမည်စာရင်းနဲ့ လိုက်ဖမ်းတာရှိသလို ဓာတ်ပုံ၊ ဗီဒီယို ရိုက်လို့ဆိုပြီး ရပ်ကွက်နေသူ ၁၅ ယောက်ဝန်းကျင် အဖမ်းခံလိုက်ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၃ ရပ်ကွက်၊ ရတနာလမ်းထဲက ကားတွေကို ရိုက်နှက်ဖျက်ဆီးတာ၊ မီးဖွင့်ထားတဲ့ အိမ်တွေကို လေးခွတွေနဲ့ ပစ်လို့ ပျက်စီးတာတွေလည်းရှိခဲ့တယ်လို့ ပြောပါတယ်။

အဖမ်းခံရသူ ၁၅ ယောက်ထဲက တချို့ကို ကမာရွတ်မြို့နယ် ရဲစခန်းကို ခေါ်သွားပြီး ဖမ်းခံရသူတွေရဲ့ မိသားစု ဝင်တွေကို ရဲစခန်း ဒါမှမဟုတ် တပ်စွဲထားတဲ့ စည်ပင်ရုံးမှာ လာစုံစမ်းနိုင်ကြောင်း ပြောသွားတယ်လို့ ဒေသခံ က ပြောပြပါတယ်။
တာမွေမြို့နယ် အင်းဝလမ်းနဲ့ အောင်မင်္ဂလာလမ်းထောင့်မှာ သံပုံးတီးလို့ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဓာတ်ပုံရိုက်မိလို့ လိုက်ဖမ်းရာ အဖမ်းမခံဘဲ ငါးလွှာအမြင့်တိုက်ပေါ်ကနေ ခုန်ချခဲ့တယ်လို့လည်း လူမှုကွန်ရက် စာမျက်နှာပေါ်က သတင်းတွေအရ သိရပါတယ်။
ဒဂုံမြို့သစ်တောင်ပိုင်း ၁၈ ရပ်ကွက်မှာလည်း သံပုံးတီးသူတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်တွေနဲ့ ပစ်ခတ်တာတွေရှိခဲ့တယ်လို့လည်း ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
ရန်ကုန်မြို့မှာ ဒီဇင်ဘာ ၅ ရက်က ပန်းပင်ကြီးလမ်းမှာ ဆန္ဒပြသူတွေကို စစ်ကားနဲ့တိုက် အကြမ်းဖက် ဖြိုခွင်းခံရပြီးနောက်ပိုင်း စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းပြသတဲ့ သံပုံးတီးတာတွေကို တစ်ကျော့ပြန် လုပ်လာကြပါတယ်။
ဒါကြောင့် ရန်ကုန်က မြို့နယ်တွေထဲမှာ ည ၈ နာရီ သံပုံးတီးချိန်မတိုင်ခင် စစ်ကောင်စီတပ်က ပုံစံအမျိုးမျိုးနဲ့ စောင့်ကြည့်တာ၊ ကင်းလှည့်တာတွေလည်း လုပ်နေပါတယ်။