ကလေးမြို့က ဒေသခံနှစ်ဦး မီးရှို့အသတ်ခံရ
2021.12.07

စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဒီဇင်ဘာ ၅ ရက်က စစ်ကောင်စီတပ်တွေ ဖမ်းဆီးခံရတဲ့ ချောင်းခွရွာသား ဦးငွန်နယ်ထန်းဟာ မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) က ထုတ်ပြန်ထားပါတယ်။
ဦးငွန်နယ်ထန်းကို မြစ်သာမြစ်အရှေ့ကမ်းက တောင်ယာပဲခင်းတဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားပြီး အိုးမြေထူးရွာက အိမ်တစ်လုံးထဲမှာ ကြိုးတုတ်ပြီး မီးရှို့သတ်ဖြတ်ခံထားရတာ တွေ့ရတယ်လို့ CNDF က ဆိုပါတယ်။
အသက် ၅၄ နှစ်ခန့်ရှိပြီဖြစ်တဲ့ ဦးငွန်နယ်ထန်းရဲ့ရုပ်အလောင်းကို ဒီဇင်ဘာ ၅ ရက် ညနေပိုင်းမှာပဲ CNDF တပ်ဖွဲ့ဝင်တွေက ခရစ်ယာန်ထုံးတမ်း အစဉ်အလာအရ သင်္ဂြိုဟ်ပေးခဲ့လို့လည်း ဆိုပါတယ်။
ဒီဇင်ဘာ ၄ ရက်ကလည်း အသက် ၂၄ နှစ်အရွယ် သံဖိုရွာသား မောင်လားရိုမွာလ် လည်း အိုးမြေထူးရွာက နောက်ထပ်အိမ်တစ်လုံးမှာ ကြိုးတုတ်မီးရှို့အသတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးသလို RFA က သီးခြားအတည်မ ပြုနိုင်သေးပါဘူး။
ကလေးမြို့မှာ ဒီဇင်ဘာ ၁ ရက် က အင်းကျွန်းရွာအနီးမှာ အင်းကျွန်းရွာသား ၄ ယောက်နဲ့ ရေရှင်ရွာ သား ၁ ယောက် မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ ရေရှင်ရွာသားတွေက ပြောပါတယ်။
ကလေးမြို့မှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မီးရှိ့သတ်ဖြတ်ခံရလို့ သေ ဆုံးသူ ဦးငွန်းနယ်ထန်းအပါအဝင် ၆ ယောက်ရှိပြီလို့ ကလေးမြို့ဒေသခံတွေက ပြောပါတယ်။